Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ပီကေ

ဉာဏ်ကြီးရှင်ရဲ့ ပဲကြီးလှော်တစ်ဆုပ်

ကျနော် မန်းကို ပြန်တဲ့ တစ်ခေါက်ကပေါ့။ အောင်မင်္ဂလာကားကွင်းကို ညီက ကားနဲ့ လိုက်ပို့ပေးတယ်။ အချိန်စောနေသေးလို့ နှစ်ယောက်သား အအေးဆိုင် တစ်ဆိုင်မှာ ထိုင်ရင်း စကားပြောနေဖြစ်ကြတယ်။ သူနဲ့ စကားပြောနေရင်း ကျနော် စိတ်ဝင်စားနေတာ သူ့ရဲ့ တော်ကီ မဟုတ်ဘဲ သူ့ နောက်ကျော၊ ကျနော့် မျက်နှာချင်းဆိုင်က အဖြစ်အပျက်ကလေး ဖြစ်နေတယ်။ အထူးအဆန်းတော့ မဟုတ်ပေမယ့် သူတို့ ဘာလုပ်နေလဲ၊ ဘာလုပ်ဦးမလဲ၊ ဘယ်လိုများ လုပ်မလဲလို့ စိတ်ဝင်စားနေမိတယ်။ လေးဘီးကားလေး တစ်စီးပေါ်ကို လက်တွန်းလှည်း ဝိုင်းတင်နေကြတယ်။ တင်ဖို့ ကြိုးစားနေကြတာ လူသုံးယောက်။ အဆင်မပြေတော့ သူတို့ ခေါင်းခြောက်နေကြတယ်။ သိတဲ့ အတိုင်းပဲလေ။ လေးဘီးကားက အမိုးနဲ့ဆိုတော့ ခပ်ပုပု၊ အနံက ခပ်ကျဉ်းကျဉ်း။ တကယ်တန်း အရွယ်အစား တိုင်းကြည့်ရင်တော့ ခုနပြောတဲ့ လက်တွန်းလှည်းက သွင်းလို့ကို ရပါတယ်။ နည်းနည်း စောင်းသွင်းပေါ့။ ဒါပေမယ့် အဆင်မပြေဘူး။ ဘယ်ပြေမလဲလေ လှည်းဦးမှာ ၇ ပေလောက်မြင့်တဲ့ ဝါးလုံးတစ်ချောင်း ထောင်လျက် ချည်ထားတယ်။ ကြိုးနဲ့။ ဒီတော့ လှည်းက ကားထဲ သွင်းဖို့ ဝါးလုံးနဲ့တင် တစ်နေတာပေါ့။ သူတို့ အဲဒီလို လုပ်နေတာကို ကျနော် ထိုင်ကြည့်နေရင်းနဲ့ လှည်းကို ကားပေါ် တင်နိုင်ဖို့ ဘာဆက်လုပ်မလဲ ဆိုတာ ကျနော် တွေးကြည့်လို့ ရသွားပါပြီ။ စိတ်ဝင်စားစရာ ကောင်းတာက သုံးယောက်သား ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးနေကြပုံပဲ။ ကျနော် အသံမကြားရတော့ ဘာတွေ ပြောနေလဲ မသိ။ ၁၅ မိနစ်ကြာ ငြင်းခုန်အပြီးမှာ သူတို့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ရလိုက်ပုံပဲ။ လူတစ်ယောက် ထွက်သွားပြီး ပြန်လာတော့ ဂွတွေ ပလာယာတွေ ပါလာတယ်။ အော် အော် ... တိုင်က ကြေးနန်းကြိုးနဲ့ တုတ်ထားတာနေမယ်ပေါ့။ ကျနော် ညီနဲ့ စကားဆက်ပြောပြီး မိနစ် ၂၀ အကြာ သူတို့ကို ကြည့်လိုက်တော့ သူတို့ ကားပေါ် လှည်းတင်ဖို့ အတင်းကို ကြိုးစားနေကြပြီ။ ဘယ်ရမလဲဗျာ။ သူတို့ ဟိုဘက် ဒီဘက် လှည့်ပြီး သွင်းကြည့်နေကြတယ်။ ကျနော် အံ့အားသင့်သွားတယ်။ ဘာလို့ မရတာပါလိမ့်လို့။ သေချာကြည့်လိုက်မှ လှည်းထိပ်က ဝါးလုံးက မားမားမတ်မတ် ခပ်တန်းတန်း ရပ်နေလျက်။ ဒါဆို သူတို့ ဘာလုပ်လိုက်တာလဲ ဆိုတာ သေချာ စူးစမ်းလိုက်တော့ အောင်မလေး မှတ်သားလောက်တယ်ဗျာ။ သူတို့က လှည်းဘီးလေးလုံးကို ဖြုတ်ပစ်လိုက်တာကိုး။ သူတို့ ဘယ်လိုများ တွေးလိုက်မိလို့လဲ ဆိုတာကို ကျနော် ကြည့်ရင်း စဉ်းစားနေမိတယ်။ ကျနော့် ညီကို ပြောပြပြီး ဝါးခနဲ ထရယ်ပစ်လိုက်ကြတယ်။ နောက်ပြီး ညီက သူ ကျောင်းတက်စဉ် ကြားဖူးတဲ့ ပုံပြင်လေး တစ်ပုဒ်ကို ပြောပြတယ်။ မှတ်သားလောက်လို့ ကျနော် ပြန်ပြီး ဖောက်သည် ချလိုက်ပါတယ်။

ဝဝဝဝဝဝဝဝ xxx ဝဝဝဝဝဝဝဝ

သူတို့ တစ်ရွာလုံးက သူတို့ကိုယ် သူတို့ သိပ်အထင်ကြီးကြတာပေါ့။ တွေးတတ် ခေါ်တတ်တဲ့ ပညာရှင်ကြီးတွေပဲလို့လည်း အမြဲ ဂုဏ်ယူပြီး ပြောတတ်ကြတယ်။ အထူးသဖြင့် အဆိုးဆုံးက သူကြီးနဲ့ ရွာဦးကျောင်း ဘုန်းကြီးပေါ့။ တခြားရွာက လူတွေနဲ့ စကားပြောရင် သူတို့ကိုယ် သူတို့ လူတော်လူတတ်လို့ ကင်းမွန်းတပ်ပြီး အမြဲ ပြောလေ့ရှိတယ်လေ။ သူတို့ရဲ့ အတွေးအခေါ် ဘယ်လောက်ကောင်းသလဲ ဆိုတာ အဖြစ်အပျက်လေးတစ်ခုသာ ကြည့်ကြည့်ပေတော့။ ရွာမှာ ပဲကြီးလှော်လည်ရောင်းပြီး အသက်မွေးနေတဲ့ သားအမိ နှစ်ယောက်ရှိတယ်။ သားလေးက ပြေးလွှား ကစားတဲ့အရွယ် ဆိုတော့ အမေလုပ်သူက ပဲကြီးလှော် အရောင်းထွက်တိုင်း ခေါ်မသွားတော့ဘူး။ သူ့ အိမ်နီးချင်း ကလေးတွေနဲ့ ကစားပါစေ ဆိုပြီး အမြဲ ချန်ထားခဲ့တယ်။ ဒါပေမယ့် အမေလုပ်သူ ဈေးရောင်းမထွက်ခင် သားကို မုန့်စားဖို့ ဆိုပြီး ပဲကြီးလှော်တစ်ဆုပ် အမြဲ ပေးထားခဲ့တယ်။ သားကတော့ ပဲကြီးလှော် ဝါးရင်း ကစားရင်းပေါ့။ ပြန်ရောက်မှ သားအမိနှစ်ယောက် ထမင်းအတူ စားကြတယ်။ တစ်နေ့တော့ အမေ ဈေးရောင်းထွက်ခါနီး သားကို လိုက်ရှာတော့ သားက အပြင်မှာ သူ့သူငယ်ချင်းတွေနဲ့ ကစားနေပြီ။ ပဲကြီးလှော်ပေးဖို့ သားကို လိုက်ရှာတော့ ရွာဦးကျောင်းအောက်မှာ တိုင်ဖက်ပြီး ကစားနေလေရဲ့။ ဒါနဲ့ အမေလုပ်သူကလည်း ဈေးရောင်းဖို့ နေမြင့်နေပြီဆိုတော့ တိုင်ဖက်ပြီး ဆော့နေတဲ့ သားကို ဒီအတိုင်း လက်ဝါးဖြန့်ဆိုပြီး ပဲကြီးလှော် ထည့်ပေးလိုက်တယ်။ ကမန်းကတန်းပဲ ဈေးရောင်း ထွက်သွားလိုက်တယ်။
နေ့ခင်း ထမင်းစားချိန် အိမ်ပြန်ရောက်တော့ သူ့သားကို မတွေ့ဘူး။ ပြာပြာသလဲ လိုက်ရှာတော့ ရွာဦးကျောင်းအောက်မှာ အော်နေတာ တွေ့ရတော့တယ်။ အမယ်လေးလေး ဘာများဖြစ်လို့ပါလိမ့်ပေါ့။ ဝမ်းနည်းပက်လက် အော်ငိုနေတဲ့သားကို မြင်ရတော့ အမေခမျာလည်း မျက်ရည်တွေ ဝဲပြီး ဘာများ ဖြစ်လဲပေါ့ အတင်းကို မေးနေရှာတယ်။ ကလေးက အမေလည်းမြင်ရော ကီးကိုပစ်တင်ပြီး အသားကုန် အော်ငိုတော့တာပဲ။ အမေခမျာ မေးလို့လဲ မရတော့ ကြံရာမရ "ကယ်ကြပါဦးတော့၊ ကျမသားလေး ဘာဖြစ်နေလဲ မသိဘူး" လို့ အော်တော့တာပဲ။ ဒါနဲ့ ဆရာတော်ကော၊ တစ်ရွာလုံးပါ အပြေးလာကြတာပေါ့။ ကလေးကလည်း အော်တယ်။ သားသေရတော့မယ် အမေ ဆိုပြီး အော်ငိုတော့ ပိုစိတ်ပူသွားတာပေါ့။ ဒါနဲ့ တစ်ယောက်တစ်ပေါက် ဝိုင်းမေးကြတယ်။ ကလေးခမျာ ဖြစ်နေတာလည်း ကြည့်ကြည့်ပါဦး။ ကျောင်းအောက်က တိုင်လုံးကို ဖက်လျက်။ လက်ဖဝါး နှစ်ဖက်ကလည်း စုပြီး ပဲကြီးလှော်ကိုင်ထားရတော့ သူ့ခမျာ အိမ်ပြန်လို့လည်း မရ။ ဗိုက်ဆာလာတော့လည်း လက်ထဲက ပဲကြီးလှော်က စားလို့မရနဲ့ သနားစရာ အလွန် ကောင်းတာပါလား။ အမေခမျာ သူ့သားအဖြစ်ကို မြင်ပြီး ငိုကြီးချက်မနဲ့ ကယ်ကြပါဦး လို့ အားလုံးကို လှည့် တောင်းပန်နေရှာတယ်။

ဉာဏ်ကြီးရှင် ရွာသားတို့ သူတို့ရဲ့ ပညာခန်း ဖွင့်ပြရတော့မယ် ဆိုတော့ တပြုံးပြုံးပေါ့။ အဲဒီမှာ လူတစ်ယောက်က ထပြောတယ်။
"ဘာတွေ အဲလောက်စဉ်းစားနေတာလဲ။ ဘယ်ခက်တာ လိုက်လို့ဗျာ။ ကလေးက တိုင်ကို လက်နဲ့ ဖက်ထားလို့ အိမ်ပြန်မရတာပဲ။ အသက်တစ်ချောင်း ကယ်ဖို့ပဲဗျာ။ လက်တစ်ဖက်လောက် ဖြတ်ပစ်လိုက်ပေါ့။"
"မင်း ပြောတာ အလုပ်တော့ ဖြစ်တယ်ကွ။ ဒါပေမယ့် အရင်းအနှီးကြီးတယ်။ ထပ်စဉ်းစားကြပါဦးကွာ။ လူတစ်ယောက်ရဲ့ လက်တစ်ဖက်ဆိုတာ ဘာနဲ့မှ ပြန်ဝယ်လို့ မရဘူးကွ။" ရွာ့ မျက်နှာဖုံး လူကြီးတစ်ယောက် ဝင်ပြောလိုက်တော့ အားလုံး စဉ်းစားခန်း ပြန်ဝင်နေကြတယ်။ တခဏမှာပဲ သူကြီးရဲ့ မျက်နှာမှာ အပြုံးတစ်ချက်နဲ့ ဝင်းခနဲ မြင်လိုက်ရတော့ သေချာပြီ သူ အကြံကောင်း ရသွားလို့နေမယ်။
"အင်း ... ဦးထွန်းပြောတာ မှန်တယ်ဗျ။ လက်တစ်ဖက်လေ။ တန်ဖိုးက ကြီးပါဘိသနဲ့။ ဒီလိုလုပ်ဗျာ။ ဘာဖြစ်လို့ လက်ကို ဖြတ်မလဲ ဗျာ။ ကျနော်တို့ ကျောင်း တိုင်လုံးကို အထက်အောက် ဖြတ်ပြီး ကလေးကို ဆွဲထုတ်လို့ ရတာပဲ မဟုတ်လား။" ဒါလည်း အကြံကောင်းတစ်ခု။ ဒါပေမယ့် ကျောင်းတိုင်ကို ဖြတ်မယ်ဆိုတဲ့ အသံ ကြားလိုက်တာနဲ့ မျက်နှာ ရဲခနဲ ဖြစ်သွားတာက ကျောင်းထိုင် ဆရာတော်။ အင်းလေ။ သူ့ တိုင်ကိုမှ သွားဖြတ်ရမယ်လို့။ ရာရာစစ။ ဒီတော့ ဆရာတော်ကြီး ပါရလေပြီ။
"ဒကာကြီးရယ် ကြည့်လည်း လုပ်ပါဦး။ တိုင်ကို ဖြတ်လိုက်မှတော့ ကျောင်းဆောင်က ပြိုတော့မပေါ့ကွယ်။ သက်တမ်းကလည်း ကြာပြီဆိုတော့ ဒီရှေးဟောင်းပစ္စည်းတော့ ချမ်းသာပေးပါဦး။ နောက်ပြီး ပြန်ဆောက်ဖို့ ဆိုတာလည်း လက်တလော အခြေအနေအရ ရွာအနေနဲ့လည်း မတတ်နိုင်ဘူးလေ။ ဒီလိုလုပ်ပါလား။ သူငယ့်လက်လည်း မဖြတ်ရအောင်၊ ကျောင်းတိုင်လည်း မဖြတ်ရလေအောင်၊ ဦးဇင်းတို့ ကျောင်းကြမ်းပြင်ကို ခွာပြီး သူငယ်ကို တိုင်က ဆွဲထုတ်ကြရကောကွာ။ ဒါဆို ဆွဲထုတ်ပြီးရင် ကြမ်းပြန် ရိုက်လိုက်ရုံပဲ။ အဲလိုဆို စားရိတ်လည်း ပိုသက်သာတာပေါ့။"

ဒီအကြံ မဆိုးဘူး။ တွက်ခြေကိုက်တယ်။ ကလေးလည်း မထိခိုက်ဘူး။ စားရိတ်လည်း အများကြီး မကုန်ဘူးပေါ့။ ဒါနဲ့ ခေါင်းချင်းဆိုင် ဆုံးဖြတ်တော့မယ့် ဆဲဆဲ ရွာထဲမှာ အိမ်ဆောက်ရင် အမြဲ ပါတတ်တဲ့ ကာလသားခေါင်းတစ်ယောက် ဝင်ပြောလာတယ်။
"အရှင်ဘုရား၊ အဆင်မပြေလောက်ပါဘူးဘုရား။ ဘာလို့လဲ ဆိုတော့ တပည့်တော်တို့ ကြမ်းကို ခွာရုံတင် မကဘဲ အမိုးပါ ဖွင့်ရလိမ့်မယ် ဘုရား။ အရှင်ဘုရားတို့ ကျောင်းဆောင်က တိုင်လုံးတွေက ရှေးရှေးက ဆောက်လုပ်ထားတာ ဖြစ်လို့ ဟိုး ခေါင်အထိ တစ်ဆက်တည်းတွေပါ ဘုရား"
ကာလသားခေါင်းရဲ့ စကားကိုလည်း ကြားလိုက်ရော တစ်အုပ်လုံး တိတ်ဆိတ်ပြီး ဘာပြောလို့ ပြောရမှန်းမသိ အကြံကုန်လို့ ခြေကုန်လက်ပန်းကျသလို ဖြစ်သွားကြတယ်။ ဒီတော့ သူကြီး လုပ်သူက ဝင်ပြောရပြီ။
"ကဲ .. ကဲ .. ။ ဒီကိစ္စက ကလေးတစ်ယောက်ရဲ့ အသက်တစ်ချောင်းနဲ့ အများကြီး ပတ်သက်နေတော့ ငါတို့တတွေ ပစ္စလက်ခက် ဆုံးဖြတ်လို့တော့ မဖြစ်ဘူး။ ငါတို့ လူကြီးတွေ သေချာ တိုင်ပင်ပြီး အကောင်းဆုံး ဖြစ်အောင် ဆုံးဖြတ်ရမယ်။ ငါတို့ လူကြီး ငါးယောက်နဲ့ ဆရာတော်ကြီးနဲ့ တိုင်ပင်ပြီး လုပ်ထားလိုက်မယ်။ အခု ဒီမှာ တရုန်းရုန်းနဲ့ ဖြစ်နေတာ မျက်စိလည်း နောက်တယ်။ အလုပ်လည်း ပျက်တယ်။ ကဲ မဆိုင်တဲ့ သူတွေ ပြန်ကြတော့။ အော် ဒါနဲ့ ကာလသား ၅ ယောက်လောက် နေခဲ့။ လိုအပ်တာ လုပ်ရအောင်။ ငါတို့ရဲ့ အဆင့်မြင့်တဲ့ ဆုံးဖြတ်ချက်တွေ တွေ့ချင်ရင် နောက် နာရီဝက်လောက်မှ ပြန်လာကြည့်ကြ။ ကဲ ကဲ ပြန်ကြတော့" ဆိုပြီး လူစု ခွဲခိုင်းလိုက်တော့တယ်။

သူတို့ ခြောက်ယောက် ခေါင်းချင်းဆိုင်ပြီး တကာလ ၁၀ မိနစ်လောက်ကြာတော့ ပြုံးစိပြုံးစိနဲ့ သမ္မတ ဘုခ်ျ အီရတ်ကို သိမ်းလိုက်နိုင်တဲ့ ရုပ်နဲ့ ကာလသားတွေကို ခေါ်ပြီး စတင် လှုပ်ရှားခိုင်းတော့တယ်။ ဟုတ်ပါတယ်။ အခု သူတို့ရဲ့ ဆုံးဖြတ်ချက်က အတော်လေးကို ကောင်းတယ်။ လက်တစ်ဖက် ဖြတ်စရာ မလိုတော့ဘူး။ တိုင်တစ်လုံး ဖြုတ်စရာ မလိုတော့ဘူး။ ကြမ်းတွေ အမိုးတွေ ခွာစရာ မလိုတော့ဘူး။ စားရိတ်လည်း မထောင်းတဲ့ အပြင် အန္တရာယ်လည်း အကင်းဆုံးပေါ့။ လူအတွက် အန္တရာယ်ကင်းသလို ကျောင်းဆောင်အတွက်လည်း ဆရာတော် မျက်ခုံး မလှုပ်ရတော့ဘူး။ ဉာဏ်ကြီးရှင်တွေရဲ့ ဆုံးဖြတ်ချက်က တကယ်ကို ထိရောက်တော့ သူတို့ရဲ့ ရွာသမိုင်းအတွက် သမိုင်းတင်ထိုက်သွားပါပြီ။ ရွာသား ငါးယောက်ကတော့ မြေကြီး တူးနေလေရဲ့။ တိုင်လုံး ပတ်ပတ်လည်ပေါ့။ အကြံကတော့ မြေကြီးတူးပြီး တိုင်လုံးအောက်ကနေ ကလေးကို ဆွဲထုတ်မယ် ဆိုပဲဗျ။

ဝဝဝဝဝဝဝဝ xxx ဝဝဝဝဝဝဝဝ

စာဖတ်သူတွေ ပြုံးစိစိနဲ့ ဖြစ်နေကြပြီထင်တယ်။ အရယ် မစောနဲ့ဦး။ ကိုယ့်ဘဝတစ်လျှောက်လုံး လုပ်ခဲ့သမျှ လုပ်ရပ်တွေ သေချာ ပြန်စဉ်းစားကြည့်ပါလား။ ကျနော်တို့ ဖက်တွယ်ထားတဲ့ အရာတွေအတွက် အိမ်တွေ ဖြိုခဲ့ဖူးလား။ တိုင်တွေ လှဲခဲ့လေသလား။ ကိုယ်ရပ်နေတဲ့ မြေကြီးကိုကော တူးဆွမိဖူးလား။ ကိုယ့်လက်ကိုကော ဖြတ်ပစ်ဖို့အထိ ဆုံးဖြတ်မိကြသေးလား။ သေချာတာကတော့ ပဲကြီးလှော်တစ်ဆုပ်အတွက် နှစ်ပေါင်း ၁၀၀၀ ကျော်ကြာ သွေးချွေးနဲ့ ဆောက်ခဲ့တဲ့ အိမ်ကြီးကို ကျွန်းတိုင်ကြီးတွေလည်း လှဲ၊ ကျောက်စီထားတဲ့ အမိုးတွေမှ မချန်၊ ကိုယ့်ကို ထောက်ကန်ပေးထားတဲ့ မြေကြီးကို အားမနာလျှာမကျိုး တူးဆွပစ်နေတဲ့ လူတစ်စုတော့ ရှိသဗျ။ အော် သူတို့က သူကြီးကိုး။ သွားမလုပ်နဲ့ နှစ်လုံးပြူးစာ မိမယ်။ ;P

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Laminn Comment by Laminn on February 18, 2009 at 8:13pm
ဟားဟားဟားးးးးးးးးးး
တော်တော် တော်တဲ့ လူတွေပဲညဏ်ကြီးရှင်ဆိုလို့ ဖတ်လိုက်တာ...။
ကိုပီကေရေ ကျေးဇူးပါ။
လမင်းး)

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service