Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

စနည်း / စနီး၊ စနဲ / နာမ် - ရှေ့ပြေးနိမိတ်အနေဖြင့် ကြားရသောအသံ။
စနည်းနာ / စနဲနာ / ကြိယာ - လူအများ ပြောသံဆိုသံကို ထောက်လှမ်းသည်။

ဒါ မြန်မာစာဌာနက ထုတ်တဲ့ မြန်မာအဘိဓာန်မှာ ဖော်ပြထားချက်ပါ။ ကျနော်တို့ စနည်းနာတယ်လို့ သုံးလေ့ရှိတယ်။ မလုပ်ခင် ထောက်လှမ်းတယ်လို့ ကျနော်တို့ နားလည်ထားကြတယ်။ အဓိပ္ပာယ်ကို ပိုပြီး ရှင်းလင်း နားလည်ချင်တာနဲ့ အဘိဓာန်စာအုပ်ကို လှန်ပြီး ဖတ်ကြည့်မိတယ်။ အဲဒီစာအုပ်နဲ့ အတူ တခြား စာအုပ်တစ်အုပ်ကိုလည်း သွားသတိရမိတယ်။ စနည်းနာခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ တင်ပြထားတဲ့ သမိုင်းစာအုပ်ပါ။ စနည်းနာတာနဲ့ သမိုင်းနဲ့ ဘာပတ်သက်သလဲလို့ တွေးမိပါလိမ့်မယ်။ ဘယ်လို ပတ်သက်သလဲ ဆိုတာသိရအောင် ဆက်ဖတ်ကြည့်စေချင်တယ်။ အခု တင်ပြမယ့် စိတ်ဝင်စားစရာ အချက်အလက်တွေကို အဓိကအားဖြင့် ဆရာ ဒေါက်တာသန်းထွန်း ရေးတဲ့ မြန်မာထွေထွေရာရာသမိုင်း ဆိုတဲ့ စာအုပ်ထဲက မြန်မာသမိုင်းတွင် လောကီပညာ အရေးပါပုံ (စာ - ၄၈) စာတမ်းမှ ညွှန်းဆိုလိုပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံကို အုပ်ချုပ် မင်းလုပ်ခဲ့တဲ့ ခေတ်အဆက်ဆက်က ရှင်ဘုရင်တွေဟာ တိုင်းပြည်အုပ်ချုပ်တဲ့ အခါမှာ ဘယ်သူမှ (လို့ ပြောလို့ရပါတယ်) လောကီပညာနဲ့ မလွတ်ကင်းကြပါဘူး။ မှော်ပညာလို့ အလွယ်တကူ ခေါ်တဲ့ မြန်မာတွေရဲ့ လောကီပညာဆိုတာ အင်း၊ အိုင်၊ ခလဲ့၊ လက်ဖွဲ့၊ ဂါထာ၊ မန္တန်၊ ပီယ၊ ဗေဒင်ယတြာဆိုတာတွေ အားလုံး ပါပါတယ်။ ရန်သူ (သို့) အချစ်မနှစ်သက်သူရဲ့ ရန်ကို အကာအကွယ်ယူဖို့ အင်း၊ အိုင်၊ ခလဲ့၊ လက်ဖွဲ့၊ ဂါထာ နဲ့ မန္တန်ကို အသုံးပြုကြတယ်။ ဗေဒင်မေးပြီး ကျရောက်လာမယ့် အန္တရာယ်ကို ကြိုတင် ကာကွယ်နိုင်ဖို့ ဘယ်လိုနေပါ၊ ဘာတွေဆောင်ပါ၊ ဘာတွေ ကြိုတင်လုပ်ထားပါ ဆိုတဲ့ ယတြာဟာ အကာအကွယ်ကို တကယ်ဖြစ်စေတယ်လို့လည်း ယုံကြသေးတယ်။ ဗေဒင်မေးပြီး ယတြာချေတာအပြင် အားကိုးစရာတွေ ရှိနေပါသေးတယ်။ အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဘဝေါတွေကို နားထောင်ရတယ်။ အဓိပ္ပာယ်ဖော်ပြီး အန္တရာယ်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ရတယ်။ အတိတ်ကဖြစ်တာ၊ အခု ဖြစ်တာတွေဟာ နောင်အခါ ဖြစ်ဖို့ရှိတယ်လို့ သတိပေးတာ ဖြစ်တယ်လို့ စွဲယူမှတ်သားထားတယ်။ နိမိတ်ဆိုတာကတော့ မကြာခင် ကျရောက်မယ့် ဘေးအန္တရာယ်ကြီးကြီးကို အခု ထင်သာမြင်သာအောင် (အခု ခလုတ်တိုက်တယ် ဆိုသလို) အခက်အခဲတစ်ခုကို ကြုံရတာမျိုး ဖြစ်တယ်။ တဘောင်က နောင် မကြာခင်ကျရောက်မယ့် ဘေးအန္တရာယ်ကို လူအများက ကြိုပြီး ပြောနေတတ်တယ်လို့ ယုံတယ်။ ဘဝေါက သိပ်ကြီးကျယ်တဲ့ ဒုက္ခ တွေ့ရတော့မယ်လို့ ကြောက်လန့်စိတ်ပေါ်အောင် မဖြစ်စဖူး ဖြတ်တဲ့ ကိစ္စဖြစ်ပါတယ်။

ပဒုံမင်း (၁၇၈၂ - ၁၈၁၉) လက်ထက်မှာ ပေါ်ခဲ့တဲ့ စနည်းတွေကို စိတ်ဝင်စားစရာကောင်းလို့ နည်းနည်း တင်ပြလိုပါတယ်။ ဘာလို့ ပဒုံမင်းကိုမှ ရွေးပြီး တင်ပြရသလဲဆိုရင် ပဒုံမင်းလက်ထက်မှာ လောကီအစီအမံတွေနဲ့ အုပ်ချုပ်တဲ့ အလေ့အထဟာ အထွတ်အထိပ်ကို ရောက်နေလို့ပါ။ နောက်ပိုင်း ပဒုံမင်း လက်ထက်မှာပဲ အိန္ဒိယပြည်ကနေ ကူးယူခဲ့တဲ့ လောကီကျမ်းပေါင်း (၂၅၃) ကျမ်းရှိကြောင်း အထောက်အထားနဲ့တကွ တွေ့ရပါတယ်။ ပဒုံမင်းဟာ တိုင်းပြည် အရေးအရာတွေကို ဆုံးဖြတ်တဲ့အခါမှာ စနည်းနာလေ့ ရှိကြောင်း တွေ့ရပါတယ်။ ဒီနေရာမှာ မပြောမဖြစ်တဲ့ လူတစ်ယောက်ရှိပါတယ်။ သူ့နာမည်က အယူတော်မင်္ဂလာတဲ့။ ၁၆ ဇွန် ၁၇၆၂ ခုနစ်၊ ဒီပဲယင်းမြို့နယ် ကိုးသန်းတိုက်နယ် အရှမ်းကြခပ်ရွာမှာ မွေးပါတယ်။ အဖ ဦးရွှေညို၊ အမိ ဒေါ်မင်းလှ ဖြစ်ပြီး ငယ်နာမည် မောင်နိုးလို့ ခေါ်တယ်။ ၁၇၈၂ ပဒုံမင်း နန်းတက်တော့ အမှာတော်ရေးအဖြစ် ခန့်အပ်ခံရတယ်။ တဘောင်တွေ အဓိပ္ပာယ်ကောက်တာ တော်တယ်လို့ နာမည်ရလာတော့ ပဒုံမင်းဟာ အယူတော်မင်္ဂလာဘွဲ့ ချီးမြှင့်ပြီး အပါးတော်မှာ ခစားစေတယ်။ အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဘဝေါတွေကို သဘောအဓိပ္ပာယ် ကောက်တဲ့နေရာမှာ အယူတော်မင်္ဂလာကို မီတဲ့သူ မရှိပါဘူး။ ကဲ ကျနော်တို့ စနည်းနာလိုက်ကြရအောင်။

မိုးတားစား သတိုးမင်းကြီး မင်းထင်ကျော်သူဟာ လွှတ်တော်တရားသူကြီး ဖြစ်တယ်။ အလွန်အမင်း လာဘ်စားတဲ့အတွက် နာမည်ပျက်ပြီး လူအပေါင်းဟာ အဲဒီတရားသူကြီး နှိပ်စက်သမျှကို ကြောက်ရွံ့ပြီး ခံနေကြရပါတယ်။ ပဒုံမင်းက ဒီကိစ္စကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ အယူတော်မင်္ဂလာကို စနည်းနာစေတယ်။ အယူတော်မင်္ဂလာ နာခဲ့ရတဲ့ စနည်းက ဒီလိုပါ။ အမေက သမီးကို ဆန်ဝယ်သွားတာ ငွေစကို တစ်မူးလည်းမဟုတ်၊ တစ်မတ်လည်း မဟုတ်လေတော့ တစ်ပြည်ပဲ ရတော့တယ်လို့ ကြိမ်းတယ်။ ဒီလိုသာ ဆက်ပြီးလုပ်ရင် နင့်ကို ပြည်တောင်းမှောက်ပြီး ဆန်ချင်ပေးလိ့မ်မယ်လို့ ပြောပြန်တယ်။ ဒီအခြင်းအရာကို စကားတစ်ဆက်တည်း ပြောရင် မူးမဟုတ် မတ်မဟုတ်လို့ ပြည်မှောက်တယ်လို့ ဆိုလိုပါတယ်။ တရားသူကြီးကို ရာထူးက ဖြုတ်လိုက်ပါတယ်။

၁၃ မတ် ၁၈၁၀ နေ့မှာ တရုတ် ငရွှေကြည် အိမ်က စပြီး မီးကြီးလောင်လိုက်တာ နန်းတော်၊ ရွှေတိုက်နဲ့ တစ်မြို့လုံးနီးပါး လောင်ကျွမ်းသွားတယ် အဲဒီ အချိန်မှာပဲ တရုတ်သံအဖွဲ့ဟာ ဝန်တင်လား ခုနစ်ထောင်နဲ့ ငွေရှစ်သိန်းကိုင်ပြီး ကုန်ဝယ်ဖို့ အမရပူရကို ရောက်လာတယ်။ တစ်ည စစ်ကိုင်းမင်းသားရဲ့ လူတွေက တရုတ်သံအဖွဲ့ကို ဓါးပြဝင်တိုက်တယ်။ တရုတ်က ငွေကို ပြန်ပေးပြီး အပြစ်ရှိသူတွေကို ထိုက်သင့်တဲ့ဒဏ် ပေးဖို့ တောင်းဆိုတယ်။ ပဒုံမင်းက မီးထဲ ရွှေတိုက်ပါသွားလို့ ငွေကလည်း မဆပ်နိုင်၊ မြေးတော် စစ်ကိုင်းမင်းသားကိုလည်း ဒဏ်က မပေးချင် ဖြစ်နေတယ်။ ဒါနဲ့ နှုတ်သွက်လျှာသွက်တဲ့ ဦးပေါ်ဦးကို တရုတ်သံနဲ့ ဝင်တွေ့ပြီး ညှိနှိုင်းစေတယ်။ တရုတ် ငရွှေကြည်ရဲ့ မီးကြောင့် ငွေသိန်းသန်းကုဋေ တန်းဖိုးရှိတဲ့ ပစ္စည်းတွေ ဆုံးရှုံးရလို့ တရုတ်တွေဆီက ပြန်တောင်းဆိုတယ်။ ဒီလို တန်ပြန်လုပ်တာ အောင်မြင်ပါ့မလား သိချင်လို့ စနည်းနာစေတယ်။ တရုတ်စကား မိဘများ လက်သုပ်လည်း စားကိန်းဖြစ်လာ။ ကျေးသားစစ်ပွဲအောင် ပြည်ထောင်လွမ်းခြင်းအေး ကျင်စွမ်လူ့ပဂေး တဲ့။ မင်းမိဖုရားက ယတြာဖြစ်တဲ့ တရုတ်စကားရွက်ကို လက်သုပ်ပြီး ပွဲတော်တည်လို့ ဦးပေါ်ဦး စကားစစ်နိုင်ပြီး တရုတ်တို့ အသာတကြည် ပြန်သွားရတယ်လို့ အယုံအကြည် ရှိပါတယ်။

နောက် စနည်းတစ်ခုနဲ့ သာသနာရေး အငြင်းအခုံတစ်ခုကို ဖြေရှင်းခဲ့ပါသေးတယ်။ ၁၈ ရာစု နှစ်ဦးကစပြီး သံဃာတော်တွေ မညီမညွတ် ရှိခဲ့ကြတယ်။ အပေါ်ဝတ်ရုံကို အလုံခြုံသင့်၊ ပုခုံးတစ်ဖက် လှပ်သင့်ဆိုတဲ့ ငြင်းခုံပွဲ ဖြစ်ပါတယ်။ ပုခုံးတစ်ဖက်ပဲ ဖုံးအုပ်လိုတဲ့ သံဃာကို အတင် (ဧကံသိက)၊ ပုခုံးနှစ်ဖက်လုံး ဖုံးရင် အရုံ (ပရုပဏ) လို့ လွယ်လွယ် ခေါ်လေ့ရှိတယ်။ ၁၈၁၄ ခုနစ်မှာ အဲဒီ အချေအတင်ပွဲကို ပြီးပြတ်စေဖို့ ပဒုံမင်းဟာ ဆွေးနွေးပွဲကြီး ကျင်းပစေပြီး အပြိုင်အဆိုင် ပြောဆိုစေတယ်။ အတုလဆရာတော် (မောင်ပန်းထွေး) ရဲ့ ဧကံသိကအဆို ရှုံးပါတယ်။ အယူတော် မင်္ဂလာ ရထားတဲ့ စနည်းက
ဦးပြည်းယောက်ျား လဘက်စားသည် တိုင်းကားပြည်ရွာ ဆူလတ္တံ့။
ဦးပြည်းမိုးကြိုး ပစ်ခတ်ချိုးက အရိုးနေလ မှိန်လတ္တံ့။
ဦးပြည်းလူမော် ရေကြောင်းပျော်သည် လှေပေါ်တောင်းမှောက် ဖြစ်လတ္တံ့။
ထိုရောအခါ သာသနာသည် ရောင်ဝါနေသို့ ထွန်းလတ္တံ့။
ဒီစနည်းကို ရှင်ဘုရင်က သဘောကျပြီး စနည်းထဲက ပါတဲ့အတိုင်း အတုလ လူထွက် မောင်ပန်းထွေးကို အဝတ်မပါ ဗလာ လှောင်အိမ်ထဲ ထည့်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း သရက်အထိ မျှောချလိုက်တော့တယ်။

ဒီပုံစံအတိုင်းပဲ အင်္ဂလိပ်တွေ တွဲဖက်ရုံးဆောက်ဖို့ မြေတောင်းတဲ့အခါ အယူတော်မင်္ဂလာရဲ့ စနည်းအတိုင်း တောင်းဆိုချက်ကို ငြင်းဆန်ခဲ့တယ်။ နောက်တစ်ကြိမ် အင်္ဂလိပ်တွေက ပုသိမ်မှာ ကုန်တိုက်ဆောက်ဖို့ မြေတောင်းတော့လည်း စနည်းအတိုင်း ပြေပြေလည်လည် ဆက်ဆံ၊ ငွေပေးပြီး ပြန်လွှတ်လိုက်တယ်။ ၁၈၀၆ ခု နန်းသစ်ဆောက်ဆဲ အဆောင်မိုးမှာ လင်းတနားတော့ အများစုက နိမိတ်မကောင်းဘူးလို့ ယူကြတယ်။ ဒါပေမယ့် အယူတော်မင်္ဂလာရဲ့ အမြင်က တမူထူးနေတယ်။ ဂဏန်းဗေဒင်အရ လင်းတဟာ (၄ + ၇) ၁၁ ဖြစ်လို့ ပဒေသရာဇ် မင်းတစ်ပါးပါးက လက်အောက်ခံလိုပါတယ် ဆိုပြီး သမီးကညာဆက်ဖို့ တစ်ဆယ့်တစ်ရက်အတွင်း ရောက်လာလိမ့်မယ်လို့ ဟောတယ်။ အမှန်တကယ်ပဲ တိုလျားစော်ကဲက သမီးကညာ ဆက်တယ်။ ဆန္ဒြကန္တသိင်္ဃကလည်း သမီးကညာ ဆက်လာတယ်။ လောကီပညာကို အသုံးချတဲ့ နေရာမှာ အသုံးများတာက အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်းဖြစ်ပြီး အရေးပါတဲ့ သမိုင်းဝင် ကိစ္စတွေမှာ စနည်းနာပြီးမှ လုပ်လေ့ရှိတာကို တွေ့ရပါတယ်။ စနည်းရဲ့ သဘောက အချင်းချင်း (တခြားလူ မကြားဘူး အထင်နဲ့) မျက်မြင် ကြုံတွေ့နေရတဲ့ ကိစ္စတွေကို ကောင်းမကောင်း ရဲရဲ ပြောကြပုံကို ချောင်းနားထောင်ပြီး ဝေဖန်ချက်ကို အရေးယူ ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတော့တယ်။

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service