Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ပီကေ

လောကကြီးကို ပြောင်းလဲကြည့်မလား

သားသားကြီးလာရင် ဘာလုပ်မလဲလို့ မိဘတိုင်းက ကိုယ့်သားသမီးကို မေးဖူးကြမယ်။ စဉ်းစားတတ်လာတဲ့ ၁၀ နှစ်သား လောက်မှာလည်း ကိုယ်ပိုင် အိပ်မက်လေးတွေ ကိုယ်စီ မက်ခဲ့ကြမယ်။ လူတိုင်းလူတိုင်းက ကိုယ်တန်ဖိုးထား ကိုးကွယ်နေတဲ့လူပဲ ဖြစ်ချင်ကြတာ။ ထူးဆန်းတာက ဘယ်ကလေးမှ သားကြီးလာရင် လူဆိုးကြီးလုပ်မယ်၊ လူသတ်သမားကြီး လုပ်မယ်လို့ မပြောခဲ့ကြပါဘူး။ တကယ်တမ်း စဉ်းစားတတ်လာတော့ ဘဝရဲ့ အပြစ်အနာအစာတွေ မြင်တတ်လာပြီ။ ကောင်းခြင်းနဲ့ မကောင်းခြင်းကို ကိုယ်ပိုင် အဘိဓာန်နဲ့ သက်မှတ် တတ်လာပြီ။ ဒီလို ခွဲတတ်လာတာနဲ့ အမျှ ကလေးတွေဟာ ကယ်တင်ရှင်တွေ ဖြစ်ချင်လာကြတယ်။ ဆင်းရဲတဲ့ ကလေးတွေက "အမေ ... သား ကြီးလာရင် အမေ့ကို လုပ်ကျွေးမယ်" ဆိုတဲ့ သူရဲ့ အိပ်မက်ကလည်း အမေကို ကယ်တင်ဖို့ ကြံစည်လိုက်ခြင်း ပါပဲ။ တချို့က ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ချင်တယ်။ နိုင်ငံတစ်ခုကို ကယ်တင်ဖို့ပေါ့။ ဆရာဝန်ကြီး ဖြစ်ချင်တယ် ဆိုတဲ့ ဆန္ဒကလည်း ကယ်တင်ဖို့ပဲ မဟုတ်လား။ ကယ်တင်ချင်တယ် ဆိုတဲ့ ဆန္ဒကို သေချာ စမ်းစစ်ကြည့်ရင် ကမ္ဘာကြီးကို ပြောင်းလဲချင်တဲ့ ဆန္ဒပါပဲ။
လူရယ်လို့ ဖြစ်လာကြရင် ပတ်ဝန်းကျင်ဆိုတာ ရှိလာမယ်။ အသက်တွေ ကြီးလာလေလေ၊ ပတ်ဝန်းကျင်ဆိုတာ ကျယ်ပြန့်လာလေလေပါ။ ပတ်ဝန်းကျင် ကျယ်ပြန့်လာတာနဲ့ အမျှ ရလာတဲ့ အတွေ့အကြုံကလည်း များများလာတယ်။ များများလာတဲ့ အတွေ့အကြုံနဲ့အတူ ကောင်းခြင်းနဲ့ ဆိုခြင်းနဲ့ ခွဲထားတဲ့ ဇယားထဲမှာ အမျိုးအမည် အသစ်တွေ တိုးတိုးလာတယ်။ တိုးလာတဲ့ အဆိုးတွေကို အကောင်းစာရင်းထဲ ထည့်နိုင်ဖို့အတွက် ပိုပိုပြီး ကြိုးစားလာကြတယ်။ တကယ်လို့ အမျိုးအမည် တစ်ခုတည်းကိုပဲ တစ်ဖွဲ့က အကောင်းထဲမှာ စာရင်းသွင်းပြီး နောက်တစ်ဖွဲ့က အဆိုးထဲမှာ စာရင်းသွင်းထားရင် ငြင်းခုန်မှုက အစ၊ ရန်ပွဲ တိုက်ပွဲတွေ ဆင်နွှဲကြတော့တယ်။ နှစ်ဘက်လုံးကတော့ ကမ္ဘာကြီးကို ပြောင်းလဲဖို့ ကြိုးစားကြတာပဲ။ ဘယ်အဖွဲ့က မှန်သလဲ။ အားလုံးဟာ ယုံကြည်ချက်အတွက် တိုက်ပွဲဝင်နေကြတာပါ။

စေတနာဆိုတာ စေ့ဆော်မှုလို့ ဖွင့်ဆိုပါတယ်။ ကောင်းတာ ဖြစ်စေချင်ရင် ကောင်းတဲ့ စေတနာလို့ သက်မှတ်ကြတယ်။ လူတိုင်းဟာ ကောင်းတဲ့စေတနာနဲ့ (သူတို့ရဲ့ ပြဌာန်းချက်အရ) ကိုယ့်ပတ်ဝန်းကျင်ကို ပြုပြင်ဖို့ ကြိုးစားတဲ့ လူတွေချည်းပါ။ ဒါပေမယ့် ကောင်းတဲ့ စေတနာတိုင်း ကောင်းတဲ့ လုပ်ဆောင်ချက် ဖြစ်မလား။ ၁၉၄၁ ကနေ ၁၉၄၅ ခုနစ်အထိ အာရှမှာ ဖက်ဆစ်စနစ်ရယ်လို့ ရှိခဲ့တယ်။ ခပ်ရှင်းရှင်း ပြောရင် ဂျပန်တွေရဲ့ ကျူးကျော်မှုပေါ့။ အဲဒီ ငါးနှစ်အတွင်းမှာ ဂျပန်တွေကြောင့် သေရကျေရတဲ့ လူ အရေအတွက်ဟာ သန်းကို ရာဂဏန်းရှိပါတယ်။ အခုအချိန်မှာ ဂျပန်တွေ မေးကြည့်လိုက်ပါ။ သူတို့ရဲ့ လုပ်ရပ်ကို ဘယ်လို ခေါင်းစဉ်တပ်မလဲလို့။ သူတို့နိုင်ငံ (ဂျပန်) လို ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်အောင် လက်တွဲ ခေါ်ယူဖို့ ကြိုးစားခြင်းပါလို့ သူတို့ ပြောလိမ့်မယ်။ စနစ်တစ်ခုကို ပြောင်းဖို့ ပြည်သူတွေ စတေးရတာလည်း မဆန်းပါဘူးလို့ သူတို့ ပြောပါလိမ့်ဦးမယ်။ ဒါ သူတို့ရဲ့ စေတနာ ဖြစ်ပါလိမ့်မယ်။ အော် ကောင်းလိုက်တဲ့ စေတနာဆိုပြီး ကျနော်တို့ ခပ်ပြုံးပြုံးလေး ကြည်နူးနေလို့ ရမလား။ ကျနော်တို့အနေနဲ့ ကြည့်ရင် ကောင်းတဲ့စေတနာလို့ကော မြင်လို့ရသလား။ ကျနော်တို့ အတွက်တော့ အဲဒီလုပ်ရပ်ဟာ အဆိုးကော်လံထဲမှာ စာရင်းသွင်းထားလိုက်တယ်။

ကျနော်တို့မှာ ကိုယ်ပိုင် ယုံကြည်ချက်နဲ့ ခံယူချက်တွေ ရှိကြတယ်။ ခံယူချက်ခြင်း ဆန့်ကျင်လာတဲ့ အခါမှာ တစ်ဘက်က နောက်တစ်ဘက်ကို လွှမ်းမိုးဖို့ ကြိုးစားလာတော့တယ်။ အဲဒီအချိန်မှာ နှစ်ဘက်စလုံးက ကိုယ့်ခံယူချက် ဘယ်လောက် မှန်ကန်ကြောင်း အထောက်အထားတွေ ရှာတော့တယ်။ မရင့်ကျက်တဲ့ လူတွေကျ ဆန့်ကျင်နေတဲ့ ခံယူချက်အတွက် အားနည်းချက်တွေ မရှိရှိတာ ဆွဲထုတ်တော့တာပဲ။ ငယ်ငယ်က သူငယ်ချင်း အချင်းချင်း သဘောထား မတိုက်ဆိုင်ရင် ငယ်ကျိုးငယ်နာ ဖော်ပြီး ရန်ဖြစ်ကြတော့တာပဲ။ ငယ်ငယ်က ကမ္ဘာကြီးကို ကိုင်လှုပ်တဲ့သူ ဖြစ်ချင်ခဲ့တယ်။ ကိုယ့်မိသားစု၊ ကိုယ့်အိမ်၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်မြို့၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ကမ္ဘာမြေကြီး သာယာဝပြောဖို့ ဦးဆောင်နိုင်မယ့်သူ တစ်ယောက်အနေနဲ့ ဖြစ်ချင်ခဲ့တယ်။ မြေကြီးပေါ်မှာ ငုတ်တုတ်ထိုင်ပြီး ကောင်ကင်ပေါ်က သိကြားမင်းကို တုတ်နဲ့ ထိုးချဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်နဲ့ သူနေပါလားလို့ ကြီးမှ တွေးလာမိတယ်။ ကျနော်တို့ဟာ လူတစ်ယောက်နဲ့ သဘောထား မတိုက်ဆိုင်တိုင်း အဲဒီလူကို ပြင်ခိုင်းဖို့ပဲ အမြဲ ကြိုးစားနေမိတယ်။ တစ်ဘက်လူကလဲ အဲလိုပဲ စဉ်းစားနေတော့ သဘောတူညီမှုဆိုတာ ရလာနိုင်ပါ့မလား။ သဘောတူညီမှု မရရင်ကော ငြိမ်းချမ်းပါတော့မလား။ သူငယ်ချင်းနှစ်ယောက် ရန်ဖြစ်ကြရင်ကော။ အိမ်နီးနားချင်း ရန်ဖြစ်ကြရင်ကော။ ခေါင်းဆောင်နှစ်ယောက် အာဏာလုကြရင်ကော။ နိုင်ငံအချင်းချင်း ပြဿနာ ဖြစ်ကြရင်ကော။ စနစ်နှစ်ခု တွန်းတိုက်မိကြရင်ကော။

ငလျင်လှုပ်ရင် တိုက်တွေပြိုပြီး လူတွေသေကြလို့ တိုက်မဆောက်ဘဲ နေသင့်သလား။ နိုင်ငံ နှစ်နိုင်ငံက လက်နက်တွေ ဖျက်သိမ်းလိုက်လို့ အဲဒီ နှစ်နိုင်ငံ ခိုက်ရန် မဖြစ်ကြတော့ဘူးလား။ ကလေးတွေ နှစ်ယောက်ရှိရင် ရန်ဖြစ်လို့ဆိုပြီး ကလေးတစ်ယောက်တည်း နေခိုင်းထားသင့်သလား။ ညှိနှိုင်းမှုကို အဖြေရှာဖို့ တစ်ဘက်ဘက်က နုတ်ထွက်ပေးရမှာလား။ ခိုးဆိုး လုယက်မှုတွေအတွက် လူမိုက်တွေကို ဖမ်းဆီးသုတ်သင်ခြင်းက အဖြေလား။ အဲဒီ မေးခွန်းတွေကို ဖြေကြည့်ကြည့်ပါ။ မဖြေခင်ဆက်ကြားမှာ အောက်မှာဖော်ပြထားတဲ့ ပုံပြင်လေးကို အရင် ဖတ်ကြည့်လိုက်ပါ။ ပုံပြင်လေး ဖတ်ပြီးမှ ဆက်စဉ်းစားရတာ ပိုလို့တောင် ကောင်းသေး။

ဘုရင်ကြီးတစ်ပါးဟာ တိုင်းခန်းလှည့်လည်ဖို့အတွက် သူ့ မှူးမတ်တွေကို စီစဉ်ခိုင်းသတဲ့။ အေးအေးဆေးဆေးနဲ့ အသေအချာ လေ့လာလို့ရအောင် ရှင်ဘုရင်က ခြေလျင် လှည့်လည်ဖို့ ဆုံးဖြတ်ထားတယ်။ ပထမအဆင့်အနေနဲ့ သူ့ရဲ့ မြို့တော်အတွင်း လှည့်လည်ချင်တယ်။ နောက်မှ တိုင်းပြည်တနှံ့တလျား လှည့်လည်ဖို့ စီစဉ်ခိုင်းတယ်။ ဒါနဲ့ တစ်နေ့ ဘုရင်ကြီး မြို့တော်အတွင်းကို လှည့်လည်သွားပြီး အပြန် အတော်လေး ပင်ပန်းသွားရှာတယ်။ သူ တစ်သက်နဲ့တစ်ကိုယ် ဘယ်တုန်းကမှ အဲဒီလောက် လမ်းမလျှောက်ဖူးတော့ ခြေဖဝါးတော် နုနု သွေးခြေ ဥသပေါ့ဗျာ။ ဒီခရီးလေးတောင် ဒီလောက် ပင်ပန်းနေရင် တစ်တိုင်းပြည်လုံး ခြေလျင် လှည့်လည်ရရင်တော့ ဒုက္ခရောက်ရချည်ရဲ့။ သူရဲ့ အမိန့်ကိုလည်း မရုတ်သိမ်းချင်တော့ ဘုရင်ကြီးက အကြံထုတ်လေတော့တယ်။ ခပ်ထန်မာကျောတဲ့ မြေပြင်ပေါ် လျှောက်လှမ်းရတာမို့ ခြေထောက် ပေါက်ပြဲ ကွဲရှတာကြောင့် သူ တိုင်းခန်း မလှည့်လည်ခင် ခြေဖဝါးတော် နူးညံ့သွားအောင် လမ်းတလျှောက်လုံး သားရေတွေ ခင်းစေတော့တယ်။ စဉ်းစားကြည့်လေ။ တစ်တိုင်းပြည်လုံး လမ်းတလျှောက် သားရေခင်းမှတော့ သေလိုက်မယ့် တိရိစ္ဆာန်တွေ သောက်သောက်လဲ။ နူးနူးညံ့ညံ့ လမ်းလျှောက်ရတော့ ခြေထောက်က တော်ရုံနဲ့ မနာတော့ဘူးပေါ့။ ဒါပေမယ့် ထိုက်တန်ပါ့မလား။

ဘုရင်ကြီးရဲ့ အခိုင်းစေတစ်ယောက်က ဉာဏ်အမျှော်အမြင်နဲ့ ပြည့်စုံလေရဲ့။ အကြီးအကဲတွေရဲ့ ဘေးမှာ နေတဲ့ အကြံပေးတွေဟာ ဉာဏ်အမျှော်အမြင်နဲ့ ပြည့်စုံရုံနဲ့ လုံလောက်ပါ့မလား။ ဘယ်လုံလောက်မလဲ။ သတ္တိရှိဖို့လည်း အရေးကြီးသဗျ။ ရှင်ဘုရင်ကြီးကို သတ္တိရှိရှိ လျှောက်တင်တော့တာပေါ့။ "အရှင်ဘုရား အခုလို ဘာလို့ မလိုအပ်ဘဲ ပိုက်ဆံတွေ အဲဒီလောက် ဖြုန်းပစ်ချင်ရတာလဲ။ သားရေ အပိုင်းအစ သေးသေးလေး ဖြတ်ပြီး အရှင်ဘုရားရဲ့ ခြေထောက်ကို ထုတ်ထားလိုက်ရင် မပြီးပေဘူးလား။" လို့ လျှောက်တင်လိုက်တယ်။ ဒါမှ ဘုရင်ကြီးက အခိုင်းစေရဲ့ အကြံကို လက်ခံပြီး ဘိနပ်အနေနဲ့ ချုပ်ဖို့ သဘောတူလိုက်လေတော့တယ်။

ဒီပုံပြင်လေးက ဘာ ရလိုက်ပါသလဲ။
ကျနော်တို့ နေထိုင်တဲ့ ကမ္ဘာမြေကြီးကို သာယာပျော်ရွှင်ဖွယ် ကောင်းတဲ့ နေရာတစ်ခုအဖြစ် ဖန်တီးချင်ကြတယ်။ တကယ်တမ်းက ကျနော်တို့ ကိုယ့်ကိုယ် အရင်ပြင်ဖို့ပါ။ ကျနော်တို့ရဲ့ နှလုံးသားကို။ လောကကြီးကို မဟုတ်ပါဘူး။

Pasted from http://pikay.myanmarbloggers.org

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service