Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ဖားကြီး

ကျွန်တော်နှင့် ကမ္ဘာသစ်သီအိုရီ

ကျွန်တော် ပထမနှစ်တုန်းက New World Theory ဆိုပြီး ကိုယ့်ဘာသာကိုယ် ပေါက်ကရာတွေးမိတဲ့ သီအိုရီတစ်ခုကို ဟောပြောခဲ့ပါတယ်။ နေရာက ကျောင်းက စာသင်ခန်းထဲမှာပါ။ ပရိတ်သတ်ကတော့ တစ်ယောက်တည်း။ ကောင်မလေးတစ်ယောက်ကို ကြောင်စီကွေးပြီး ဟောပြောခဲ့တဲ့ seminar ပေါ့ဗျာ။ ကျွန်တော်ကလည်း အတွေးတွေက တစ်ခန်းလွတ်နေတဲ့အပြင် မိန်းကလေးက ဟီးရိုးလို့ မြင်သွားတာကို လိုချင်နေတဲ့အရွယ်ကောင်းလေးပေါ့။ ဒါပေမယ့် ကောင်မလေးကတော်ရှာပါတယ်။ ကျွန်တော်ပြောသမျှ ကို စိတ်ဝင်တစားနားထောင်ပေးတဲ့အပြင် လှောင်ပြောင်ခြင်းလည်းမရှိခဲ့ပါဘူး။ သူလည်း ကျွန်တော့်လို တစ်ခန်းတော့လွတ်နေရှာတယ်ထင်တာပဲ။ အဲ့ဒီတော့ ကျွန်တော်တိှု့နှစ်ယောက် ပေါင်းပြီး နှစ်ခန်း လွတ်ခဲ့ကြတော့တာပေါ့။ဒီအကြောင်းတွေက ဆရာ စာသင်ခန်းထဲမ၀င်ခင် ကျွန်တော်က စပြောတာပါ။ "ကမ္ဘာပျက်တာနဲ့ ပတ်သတ်ပြီး ငါစဉ်းစားမိတာလေး တစ်ခုရှိတယ်ဟ"

"ဘာကိုလဲ"

"သြော်.....ဒီလိုပါ အင်္ဂါဂြိုလ်မှာ သက်ရှိတွေရှိနိုင်မလား၊ ရေရှိနိုင်မလား ဆိုပြီး အခုတလော သိပ္ပံပညာရှင်တွေ အလုပ်ရှုပ်နေကြတာ နင်သိတယ်မဟုတ်လား"

"အေးလေ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာတော့ ဖတ်နေရတာပဲ"

"ငါ့ အထင်တော့ အင်္ဂါဂြိုလ်မှာ သက်ရှိသေးသေးလေးလေးတွေ ရှိမယ်ထင်တာပဲ"

"မဖြစ်နိုင်ပါဘူးဟာ အောက်စီဂျင်တို့၊ ရေတို့မရှိပဲ ဘယ်လိုအသက်ရှင်နိုင်မှာလဲ"

"ဟာ...နင်ကလည်း သူတို့ရှာဖွေရေးယာဉ်တွေကလည်း သေသေချာချာ ပြောနိုင်သေးတာမဟုတ်ပါဘူး၊
ငါဆိုလိုတာက အရမ်းကိုသေးငယ်တဲ့ micro organism လေးတွေပေါ့ဟာ တချိန်မှာ သက်ရှိဘ၀ကို
ပီပီပြင်ပြင်ကူးပြောင်းလာမယ့် အကောင်လေးတွေပေါ့"

"သူတို့က ဒီလိုပတ်ဝန်းကျင်မှာ ဘယ်လိုလုပ်ရှင်သန်နိုင်ပါ့မလဲ"

"နင်ကလည်း ငါတို့လူသားကမ္ဘာဆိုတဲ့အထိုင်ပေါ်ကနေပဲ စဉ်းစားနေတာကိုး။ အောက်စီဂျင်မရှိ၊ရေမရှိတာ
နဲ့ သက်ရှိတွေမနေနိုင်ဘူးဆိုတဲ့ တရားသေအတွေးကို စွှန့်လွှတ်လိုက်ဟာ။ ဒီကမ္ဘာပေါ်မှာတောင်
အောက်စီဂျင်အရမ်းနည်းတဲ့ နေရာမျိုးတွေမှာ နေနိုင်တဲ့ ဘတ်တီးရီးယားတွေ ရှိတာကို ငါတို့သင်ခဲ့ရတာပဲ
အဆိပ်ငွေ့တွေလို့ ငါတို့ယူဆထားတဲ့နေရာမျိုးမှာ နေနိုင်တဲ့ကောင်တွေ မရှိဘူးလို့နင်ပြောနိုင်လား။"

ကျွန်တော်အရှည်ကြီး ရှင်းလိုက်တော့ သူတွေဝေသွားပါတယ်။ ကျွန်တော်ပြောတာကိုလည်း နည်းနည်းယုံကြည်သွားပုံပေါက်ပြီး ဆက်ပြောတယ်။

"အေးလေ နင်ပြောတော့လည်း နင့်စကားပေါ့ ဆက်ပါဦး"

"အဲ့ဒီတော့ဟာ evolution သီအိုရီအရ သူတို့ဟာ အဆင်ဆင့်ဖွံ့ဖြိုးလာနိုင်ပေမယ့် သူတို့နဲ့ကိုက်ညီတဲ့ရေခံ၊မြေခံကို မတွေ့သေးလို့ ဒီအဆင့်မှာပဲ ရှိနေဦးမှာလို့ ငါထင်တယ်။"

"ဘယ်လိုလဲဟ၊ ငါသိပ်နားမလည်ဘူး"

"နင် evolution သီအိုရီကိုတော့ နည်းနည်းလေးကြားဖူးပါတယ်နော်"

"ငါသိပါတယ်ဟ... နင်ကလည်း ဟို ဒါဝင်ဆိုတဲ့လူကြီးပြောခဲ့တဲ့။ လူသည်မျောက်ကဆင်းသက်လာသည်ဆိုတာမဟုတ်လား"

"အေး အဲ့ဒီလောက်ဆို ဆက်ပြောလို့ရပါပြီ။ သိပ္ပံပညာရှင်တွေရဲ့ ပြောပုံအရတော့ ကမ္ဘာကြီးဟာ လက်ရှိပတ်လမ်းကြောင်းထဲကနေ နေနဲ့နီးရာကိုဖြစ်ဖြစ်၊ ဝေးရာကိုဖြစ်ဖြစ် နည်းနည်းလေးကွာသွားရင်တောင် သက်ရှိတွေဆိုတာ မဖြစ်နိုင်တော့ဘူးတဲ့ဆိုလိုတာကတော့ဟာ.... ငါတို့လူသားတွေလည်းဖြစ်လာစရာအကြောင်းမရှိဘူးပေါ့"

"အင်း ဟုတ်ပါပြီ၊ အဲ့ဒါနဲ့"

အင်း အဲ့ဒီတော့ အင်္ဂါဂြိုလ်မှာသာ ငါထင်သလို သက်ရှိလေးတွေရှိမယ်ဆိုရင် သူတို့ တကယ့်အဆင့်မြင့်သတ္တ၀ါဖြစ်လာဖို့ကိုအင်္ဂါဂြိုလ်က ငါတို့လက်ရှိ ကမ္ဘာ့ပတ်လမ်းကြောင်း
နေရာလောက်ကို အစားဝင်ရလိမ့်မယ်"

"ဟင် နင့်အတွေးကလည်း ကြံကြံဖန်ဖန်ဟာ"

ပြောနေရင်းနဲ့ စာသင်ခန်းထဲသို့ဆရာဝင်လာလို့ ကျွန်တော်တို့ မတ်တပ်ရပ်နှုတ်ဆက်ကြပါတယ်။ ဆရာက ရှေးကျောင်းဆရာကြီးပါ။ စာသင်တော်ပြီး စကားလည်းနည်းတယ်။ သူ့အချိန်မှာ စကားများနေတာကို နည်းနည်းမကြိုက်ဘူး။ အခန်းထဲဝင်လာပြီးတာနဲ့ ကျောင်းသားတွေကူးနိုင်အောင် ၀ှိုက်ဘုတ်ပေါ်မှာ မှတ်စုတွေရေးပါတယ်။ ကျွန်တော်တို့ကလည်း စကားကအရှိန်ကောင်းနေတာဆိုတော့ မရပ်ချင်တော့ဘူး။ စာအုပ်ထုတ်ပြီး လက်ကသာ စာလိုက်ကူးနေတာ စကားကတော့ ဆက်ပြောဖြစ်ကြတယ်။ ဆရာ ကြီးကို မရိုသေတာတော့မဟုတ်ပါဘူး။ ငယ်သူမို့ နားမလည်ခဲ့တာပါပေါ့ကွယ်။

"နင့်ကိုငါစာရွက်ပေါ်မှာပုံဆွဲပြမယ်ဟာ"

"အေး... ကောင်းသားပဲ ပိုရှင်းသွားတာပေါ့"

"ဒါက နေစကြာဝဠာထဲက ဂြိုလ်တွေရဲ့ တည်နေရာဟာ။ ဒါက ကမ္ဘာ၊ ဒါက သောကြာဂြိုလ် ငါတို့ကမ္ဘာရှေ့က ဂြိုလ်ပေါ့၊ နေနဲ့ပိုနီးတယ်"

"အင်း"

"အင်္ဂါဂြိုလ်ကတော့ ငါတို့ကမ္ဘာဂြိုလ်ရဲ့ အနောက်ကပေါ့၊ နေနဲ့ ပိုနီးရင် ပိုပြီးတော့ပူတယ်ဆိုတာ နင်သိတယ်နော်၊
သောကြာဂြိုလ်ရဲ့ အပူချိန်ဟာဆိုရင် တော်တော်ကိုပူပြင်းတာတဲ့၊ ဒီဂရီဘယ်လောက်လဲတော့ငါမသိဘူးဟ၊
အေး အဲ့ဒီသောကြာဂြိုလ်ဟာ ငါ့အထင်တော့ တစ်ချိန်က ငါတို့နေထိုင်ခဲ့တဲ့ ကမ္ဘာဟောင်းပဲလို့ ငါထင်တယ်"

"အန်.... ဘယ်လိုဖြစ်ရတာတုန်း"

"ဒီလိုဟ... သောကြာဂြိုလ်ဟာ တစ်ချိန်ချိန်က ငါတို့ကမ္ဘာလည်နေတဲ့ပတ်လမ်းကြောင်းမှာပဲ ရှိနေပါလိမ့်မယ်။ ဒါပေမယ့်ဆွဲငင်အား တစ်ခုခုလွဲချော်ပြီး နေနဲ့ပိုနီးတဲ့နေရာကို ရောက်သွားတာဖြစ်နိုင်တယ်၊ အဲ့ဒီအချိန်မှာ ငါတို့ကမ္ဘာကလည်းလက်ရှိနေရာကနေ အရှေ့ကိုတိုးလာပြီး အခုလက်ရှိနေရာကိုရောက်၊ တစ်ခြားဂြိုလ်တွေကလည်း အရှေ့ကို တိုးပြီးရောက် လာတဲ့ သဘောပေါ့။"

"နင့်ဟာကလည်း ကြောင်လိုက်တာဟယ်"

"မဖြစ်နိုင်ဘူးလို့မထင်နဲ့ဟ.... နင်ကျမ်းစာတွေမှာ ကမ္ဘာပျက်ရင် နေခုနစ်စင်းထွက်တယ်တို့ဘာတို့ ဖတ်ဖူးတယ်မဟုတ်လား"

"အင်း... သိသားပဲ"

"အေး.... အဲ့ဒါစကားအရာ တင်စားပြောတာဖြစ်နိုင်တယ်။ တကယ်တော့ နေနဲ့နီးသွားပြီး ပူလွန်းအားကြီးလို့ နေခုနစ်စင်းထွက်သလို ပူလောင်တယ်လို့ပြောတာလည်း ဖြစ်နိုင်တယ်။"

မထူုးတော့သည်မို့ ကျမ်းစာများဘာများ ဆွဲကိုင်ကာ ဆက်ကစ်လိုက်သည်။ သူလည်းနည်းနည်းတွေးရင်းက ကျွန်တော့်ကိုဆက်မေးသည်။

"ဒီတော့ .... နင် အဓိကပြောချင်တာက ဘာလဲ"

"ငါပြောချင်တာကဟာ.... တစ်ချိန်မှာ နေခုနစ်စင်းထွက်သလိုပူလောင်တယ်ဆိုပြီး ကမ္ဘာပျက်သွားရင် ငါတို့အတွက်ကမ္ဘာသစ်ဟာ အင်္ဂါဂြိုလ်ဖြစ်နိုင်တယ်ဆိုတာပဲ။ ဒါဟာ ငါ့ရဲ့ New World Theory ပဲ"

"အေးဟာ... နားထောင်လို့တော့ကောင်းသား။ သူများကိုတော့ သွားမပြောနဲ့ နင့်ကို ငကြောင်ကြီးလို့ထင်နေဦးမယ်"

"ငါသိပါတယ်။ ဒီနိုင်ငံမှာမို့လို့ပေါ့ဟာ။ ဒါပေမယ့် စကြာဝဠာဆိုင်ရာ သဘောတရားတွေဟာ အတွေ့အကြုံထက်
ဆင်ခြင်ဥာဏ်ကနေပဲ ဆင်းသက်လာတာများတယ်ဟ။ များများတွေး၊ ဖြစ်နိုင်တာကို သီအိုရီတွေထုတ်၊ တစ်ချို့
ဆို ကိုယ့်သီအိုရီတွေ မှန်သလားမှားသလား ဆိုတာတောင် နောက်လူတွေ တွက်ထုတ်ပေးမှ သိရတာတဲ့။"

"အေး အဲ့လို equation တွေပါ ထုတ်ပြီး သက်သေပြနိုင်ရင်တော့ နင်နာမည်ကြီးဦးမှာနော်
ဟီး........ဟီး"

"အေးလေ အဲ့ဒီအချိန်ကြရင် ဖားကြီး၏ သီအိုရီကို ပထမဆုံးနားထောင်ခဲ့သူမှာ သူကြောင်နေသော သူ့အတန်း
ဖေါ်ကောင်မလေးဖြစ်သည်ဆိုပြီး နင်ပါ နာမည်ကြီးလာမှာ ဟဲ...... ဟဲ"

ပြောနေရင်းနှင့် အူမြူးလာသောကြောင့် ကျွန်တော်တို့နှစ်ယောက်လုံး ပြုံးလိုက်၊ရယ်လိုက်ဖြစ်လာသည်။ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်မိပဲ တွတ်ထိုးနေပုံပေါက်သည်။

"ကဲ... ဟိုနှစ်ယောက်ဘာတွေ သဘောကျပြီး ရယ်နေတာလဲ၊ ငါ့ကိုလည်း ပြောပါဦး၊ နှစ်ယောက်လုံး မတ်တပ်ရပ်စမ်း"

သွားပြီ... ဆရာ စာရေးပြီးသောလို့ လှည့်ကြည့်သော အချိန်နဲ့ကျွန်တော်တို့အူမြူးနေတဲ့ အချိန်နဲ့ကွက်တိတိုးသွားတယ်ကျွန်တော်ကတော့ ဒါမျိုးတွေ အရေထူနေသောလို့ ကိစ္စမရှိပေမယ့် သူ့ကို တော်တော်လေးအားနာသွားပါတယ်။ ပြောရရင်သူက တော်တော်အရှက်ကြီးတဲ့ မိန်းကလေးတစ်ယောက်ပါ။ ကျွန်တော် စကားကြောရှည်ရလို့သာ ဆိုပြီး စိတ်ပူသွားပါတယ်။

"ကဲ... ဘာတွေပြောပြီးရယ်နေတာလဲ။ စာလိုက်မရေးဘူးလား။ ညည်းကရော မိန်းကလေးဖြစ်ပြီး စာလိုက်မရေးပဲ ဘာတွေအရေးတကြီးပြောစရာတွေ ရှိနေလို့လဲ။"

နှစ်ယောက်လုံး ဘာမှမပြောပဲ ငြိမ်နေကြပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီသောကြာနေ့မှာ ကျွန်တော်တို့ကျောင်းက မိန်းကလေးတွေရင်ဖုံးအင်္ကျီအဖြူရောင် ၀တ်ရပါတယ်။ ဘယ်သူမှတော့ အတိအကျကြီး မလိုက်နာကြပေမယ့် မတ်တပ်ထရပ်လိုက်တဲ့ သူမကတော့ အဖြူရောင်ဆိုပေမယ့် ရင်ဖုံးအင်္ကျီမဟုတ်တာ ဆရာက သတိထားသွားမိပါတယ်။(တစ်မျိုးမတွေးနဲ့ဦး အင်္ကျီမှန်ရင်ရင်တော့ဖုံးတာပဲလို့၊ ဤကား စကားချပ်)

"မင်းတို့နှစ်ယောက်လုံးစာမသင်ချင်ရင် အပြင်မှာစကားသွားပြောကြ၊ ဟိုကောင်မလေး နင်ကတော့ ကျောင်းယူနီဖေါင်းမ၀တ်ထားလို့ အခန်းပြင်ထွက်သွား၊ စစ်ဆေးရေးတွေလာရင် ငါရှင်းပြနေရဦးမယ်"

သူအခန်းထဲက ချက်ခြင်းထွက်သွားပါတယ်။ ကျွန်တော်ကတော့ ဆရာ့ကိုလည်းမျက်နှာပူ၊ သူ့ကိုလည်း အားနာနဲ့ ဘာဆက်လုပ်ရမှန်းမသိအခန်းထဲမှာ ဆက်ကျန်ခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်ထွက်သွားရင် ဆရာ့အပေါ်မှာ တော်တော်ရိုင်းရာကျသွားမှာပါ၊ လွန်နေတာက ကျွန်တော်တို့လေ။ ပြီးတော့ ဆရာက သူမကို အပြင်ထွက်ခိုင်းတာလည်း ယူနီဖေါင်းကိစ္စကြောင့်ဆိုတော့ကျွန်တော်လည်း ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။ သူမကတော့အခန်းပြင်ထွက်သွားပါတယ်။ ကျွန်တော့်စိတ်လည်းရုပ်ခန္ဓာကို အတန်းထဲမှာ ထားပြီး သူ့နောက်ကိုလိုက်သွားပါတယ်။ စာထဲမှာတော့ အာရုံမစိုက်နိုင်တော့ပါဘူး။

အတန်းပြီးတော့ ကော်ရစ်ဒါမှာ တခြားမေဂျာက သူငယ်ချင်းတွေက သူ့ကိုနှစ်သိမ့်နေတာကို တွေ့ရပါတယ်။ ကျွန်တော်အနားရောက်တော့ ဘယ်လိုဖြစ်ရတာလဲ ၀ိုင်းမေးကြပါတယ်။ ဘယ်ကစပြီး ရှင်းပြရမလဲ မသိတော့။ သူကလည်း ငိုထားတဲ့ မျက်နှာနဲ့နင်ရှင်းပြလို့ကတော့ အသတ်ပဲဆိုပြီး ပြောပါတယ်။ ဟုတ်တော့...ဟုတ်သား အူကြောင်ကြောင်တော်တော်နိုင်တာကိုး။ အဲ့ဒါနဲ့ပဲ....။

"ဒီလိုဟ... ငါတို့နှစ်ယောက်အတန်းထဲမှာ စကားများနေလို့ ဆရာက ဆူလိုက်တာ"

"နင်တို့နှစ်ယောက်က ဘာအကြောင်းပြောနေလို့လဲ"

သူငယ်ချင်းတွေကမေးတော့ သူမကျွန်တော့်ကို ဆတ်ခနဲကြည့်သည်။ အမိန့်တစ်ခုသည် ပါးစပ်ကမပြောပဲ မျက်ဝန်းထဲမှာပင်ပါလာသည်။

"ဘာမှ မဟုတ်ပါဘူးဟာ၊ ငါတို့ရှေ့ရေး၊ နောင်လာနောင်သားတွေရှေ့ရေး ကိုပြောတာပါ။"

"အောင်မယ် နင်တို့ကရှေ့ရေးတွေတောင် တွေးနေကြပြီပေါ့"

"ဒီလိုပဲပေါ့ဟ"

သူမကျွန်တော့်ကို မျက်စောင်လေးတစ်ချက်လှမ်းထိုးလိုက်တယ်။ နင်တော်တော်လည်တာပဲဆိုတာကို သူ မပြောပေမယ့်အဲ့ဒီမျက်စောင်းလေးကနေ ကျွန်တော်သိလိုက်ပါတယ်။ အဲ့ဒါနဲ့ပဲ သူ့ကိုကျွန်တော်က ဆက်ချော့လိုက်ပါတယ်။

"လာပါဟာ...ကန်တင်း ရောက်ရင်နင့်ကိုငါ အအေးတိုက်ပါမယ်"

"မလိုက်ချင်တော့ဘူး နင်တို့ပဲသွားကြတော့"

" နင်ကလည်း ငါတောင်းပန်ပါတယ် ဟိုရောက်ရင်ကြိုက်တာစား ငါဝယ်ကျွေးပါမယ်၊
လာစမ်းပါဟာ သူငယ်ချင်းတွေကို အားနာဖို့ကောင်းတယ်"
သူမ စိတ်ပြေသွားသည့်ပုံစံ နဲ့ မျက်စောင်းလေးတစ်ချက်ထပ်ထိုးရင်း ကျွန်တော့်ကိုမေးပါတယ်

"ဒါဆို ဘယ်ဆိုင်ကို ထိုင်မှာလဲ"

"ကမ္ဘာသစ်... မှာလေ"
"........."

"................."

ထိုသီအိုရီသည် ကျွန်တော်ဖားကြီးကိုယ်တိုင် စဉ်းစားထားသော သီအိုရီဖြစ်ခြင်းကြောင့် ကျွန်တော့်ထက်စော၍ တင်ပြသူမရှိခဲ့လျင် တစ်ချိန်ချိန်ဤသီအိုရီ မှန်ကန်ကြောင်း သက်သေပြနိုင်ပါက ဖားကြီး၏ကမ္ဘာသစ် သီအိုရီဟု ခေါ်ဆိုကြပါရန်ဤဘလော့ဂ်မှနေ၍ ကြေငြာအပ်ပါသည်။ ပေါရဲလိုက်တာနော်.................(သူများမပြောခင် ကိုယ့်ဘာသာကြိုပြောထားတာ)

Tags: စိတ်ရူးပေါက်ခဲ့သမျှ

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Aung Comment by Aung on October 26, 2008 at 9:18pm
ဗဟုတ တစ်ခုရလိုက်ပါတယ်.
Saturngod Comment by Saturngod on October 20, 2008 at 8:14pm
အခု ထက်ထိ အဲဒီ theory ကို စဉ်းစားထားတာ မရှိဘူး...
လက်ရှိ ရှိတဲ့ theory က... တချိန်ရောက်ရင် နေဟာလုံးဝ ဟိုက်ဒရိုဂျင်လောင်ကျွမ်းမှုတွေ ကုန်ဆုံးသွားမယ်...
နောက်ပြီး အကုန်လုံး စုပြီး သွားတဲ့အခါမှာ ပေါက်ကွဲထွက်လာမယ်... မာကျူရီ နဲ့ ဗီးနပ်ဟာ လောင်ကျွမ်းပြီး နေလို ဖြစ်သွားလိမ့်မယ်... နောက်ပြီး ကြာသာပတေး ဂြိုလ်ကလည်း နေအဖြစ်ပြောင်းလဲသွားမယ်... ဘာဖြစ်လို့လည်းဆိုတော့ ကြာသာပတေး ဂြိုလ်ဟာ နေဖြစ်အံဆဲဆဲ ဂြိုလ်တစ်ခုပါ.... သူဟာ နေစင်္ကြာဝန္ဒာရဲ့ လိုအပ်ချက်တွေရှိတယ်... ဂြိုလ်ရံလေတွေမှာ ထပ်ပြီးတော့ ဂြိုလ်ရံလတွေ ထပ်ရှိတယ်.. သူဟာ နေစင်္ကြာဝန္ဒာ တစ်ခုကို ဖန်တီးနိုင်မယ့် အလားအလာကောင်းတွေရှိတယ်...

ဒါကြောင့် နောက်ဆုံးမှာ ကမ္ဘာဟာလည်း နေပေါက်ကွဲမှုကြောင့်လောင်ကျွမ်းမယ်... ကြာသပတေး ဂြိုလ်ရဲ့ အပူကြောင့်လောင်ကျွမ်းမယ်... အဲဒီမတိုင်ခင်မှာ နေပျောက်ကွယ်တဲ့အတွက်ကြောင့် ကမ္ဘာကြီးဟာ အေးခဲသွားပြီ လူတိရစ္ဆာန်တွေ ရှိခြင်မှ ရှိတော့မယ်..... နောက်ဆုံးတော့ ကျွန်ုပ်တို့ ယခုလက်ရှိ နေစင်္ကြာဝန္ဒာဟာ ပေါက်ကွဲပျက်စီးသွားပြီး အစကနေ ပြန်စပါလိမ့်မယ်...

မဟာပေါက်ကွဲမှုကြီး theory ရဲ့ အစိတ်အပိုင်းလေးထင်တယ်.... သေသေချာချာ မမှတ်မိတော့ဘူး.. မှတ်မိသလောက် ပြန်ပေါလိုက်တာ... :)

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service