Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

မစန္ဒာရေ ....

စင်္ကာပူရဲ့ နွေခေါင်ခေါင်ရက်တွေက ပူစပ်ပူလောင်နိုင်လွန်းပါတယ်။ အပူရှိန်လန့်ပြီး အိမ်ပြင်လည်း မထွက်ချင် ၊ ထွက်ချင်ပြန်တော့လည်း ဟိုဝယ်မိ ဒီဝယ်မိ အပိုတွေကုန်လွန်းတာကြောင့် အိမ်တွင်းပဲအောင်းနေတာ ဘယ်နှစ်ရက်ရှိလို့ ဘယ်နှစ်ပတ်မြောက်မှန်းတောင် မသိတော့ပါဘူး။ တစ်နေ့ညကတော့ မိုးချလိုက်တာ။ နောက်တစ်နေ့တစ်မနက်လုံး စိမ့်ပြီး နေလို့ကောင်းတယ်။ ဒါလည်း ခဏပါပဲလေ ။ ဒီကျွန်းရဲ့ ထုံးစံအတိုင်း ပူဆယ်ရက် ၊ အေး တစ်မနက်ပေါ့။ အဆင်မပြေမှုတွေ များတယ် မစန္ဒာရေ ...။ ဘယ်ဂြိုဟ်ထဲဝင်လို့ ဘယ်ဂြိုဟ်များပတ်နေရော့ မသိ။ ဘာမှလည်း ဟုတ်တိပတ်တိ မယ်မယ်ရရ မလုပ်မကိုင်ရပါဘဲ ကိုယ့်ကိုယ်ကို ပင်ပန်းလှပြီ ထင်နေတဲ့စိတ်ကိုလည်း ဖျောက်မရဘူး။ အသိတစ်ယောက်ပြောတဲ့ စကားလေး အမှတ်ရမိတယ်။ သူက တစ်ခါတစ်လေ စိတ်ဖိစီးမှုတွေ သိပ်များတဲ့အခါ ဆလုံလူမျိုးလူငယ်လေးတစ်ယောက်အကြောင်း တွေးမိတယ်ဆိုရဲ့။ ဆလုံလူမျိုးဆိုတာ ပင်လယ်မှာပဲနေ ၊ သူတို့အိမ်က လှေ ၊ သူတို့အဖော်က သခင်ကို အမြဲသစ္စာစောင့်သိနေမဲ့ ခွေးတစ်ကောင်။ ဆလုံလူမျိုးတွေ ဘဝက အေးချမ်းလှတယ်လို့ သူ့အမြင်ကိုပြောဖူးတယ်။ သူကိုယ်တိုင်လည်း တစ်ခါတစ်လေ ဆလုံလူငယ်တစ်ယောက်အဖြစ် ကောင်းကင်ပြာပြာ ၊ ရေပြာပြာ မှာ လှေကလေးတစ်စင်း ခွေးတစ်ကောင်နဲ့ ဇာတ်မြုပ်နေချင်တယ်လို့ တမ်းတမ်းတတ ညည်းညူသံကို အခုချိန်မှ ပြန်ကြားနေမိတယ်။ စိတ်မာလှပြီထင်တဲ့ ကိုယ့်ကိုယ်ကိုလည်း တစ်ကယ်တမ်းကျတော့ ထင်သလောက်မမာသေးမှန်း တရေးရေးသိလာတယ်။ အဆင်မပြေမှုကို မိမိကိုယ်တိုင်ပဲ ဖန်တီးမိနေသလားပဲ မသိ။ Biomedical Science ကို အသည်းအသန်တက်ချင်နေတော့ ဝင်ခွင့်စာမေးပွဲဖြေနိုင်အောင်လည်း လုပ်နေရသေးတယ်။ Research ဆိုတဲ့ စကားလုံးကလည်း ကိုယ့်ကိုယ်အတော်လေးဆွဲဆောင်ထားနိုင်တာကိုး။ ခက်တာက စာမကျက်တာကြာလို့ ထင်ပါ့ ၊ အင်္ဂလိပ်စာနဲ့ အထိအတွေ့နည်းတာလည်း ကြာလို့ပဲထင်ပါ့ ခုပြန်လုပ်တော့ ကိုယ့်အတွက် သိပ်အဆင်မပြေသလိုပဲ။ တစ်လောက ဘလော့ဂ်ရေးတဲ့ Mr.DBA ရဲ့ ကျည်ပွေ့ရေလောင်းခြင်း ပို့စ်ကို သွားသတိရတယ်။ အသက်မငယ်တော့တဲ့ အချိန်မှ IELTS ဖြေမှာမို့ သင်တန်းသွားတက်ပုံ အတွေ့အကြုံလေးရေးထားတယ်။ ကောင်းတဲ့ပို့စ်လေး ပါပဲ။ ကိုယ့်ကိုတောင် ငယ်တုန်းလုပ်ထားဖို့ ပြောပြီး သတ္တိရှိရင် ၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချရင်တော့ သင်တန်းမတက်ဘဲ အိမ်မှာပဲ လေ့လာကြည့်ဖို့ အကြံလေးပေးသေးရဲ့။ အဲတုန်းက ကိုယ်တွေက ဖြေဖို့စိတ်ကူးတော့ရှိပါရဲ့ ၊ ဖြေဖြစ်ဦးမယ်က မထင်တော့ ခေါင်းပဲ တညိတ်ညိတ်ပေါ့။ သိပ်အများကြီး တွေးမထားဘူး။ အခုချိန်များတော့ အသေအကျေကို အမှတ်ကောင်းကောင်းလိုချင် နေမိရဲ့။ ဒီဘက်ခေတ်ပညာရေးမှာ IELTS ၊ TOFEL အမှတ်တွေ မရှိတော့ ရထားတဲ့ တက္ကသိုလ်ဝင်တန်းအမှတ်လေးက လွှင့်ပဲပစ်ရတော့မလိုလို ၊ အားတောင်ငယ်မိပါတယ်လေ။ မစန္ဒာလည်း ဂိုက်လုပ်တယ်ဆိုတော့ ကိုယ့်ကျောင်းသားလေးတွေ (၁၀) တန်း ဖြေပြီးတာနဲ့ အဲဒီဘက်ကိုတစ်ခါတည်း အားစိုက်ဖို့ ပြောပေး ။ နိုင်ငံတကာ ပညာရေးကို ရင်ဘောင်တန်းဝင်ချင်တဲ့ ကလေးတွေကိုပေါ့။ မြန်မာပြည်ပညာရေးရဲ့ B.E.H.S လက်မှတ်က GCE O Level နဲ့ ညီသယောင်ယောင် အခြေအနေပေးတာကိုပဲ ကျေးဇူးတင်ရမလိုပါပဲလေ။ စိတ်မကြည်မလင်နဲ့ဆိုပေမဲ့ တာဝန်က တာဝန်ပေပဲမို့ စာလုပ်ရသေးတော့ ဒီမနက်ဖတ်မိတဲ့ သင်ခန်းစာက Swallows in migration (ပျံလွှားငှက်တို့ စားကျက်ရွှေ့ပြောင်းခြင်း) ။ စာမဖတ်ရသေးပါဘူး ။ ခေါင်းစဉ်ဖတ်မိတာနဲ့ အတွေးက ဟိုပျံ့ ဒီပျံ့ ......။

မစ်(စ်)သွန်းသွန်း

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Pinkgold Comment by Pinkgold on October 1, 2008 at 3:59pm
စန္ဒာ့ကို ဖတ်ခိုင်းလိုက်မယ်.. ဖတ်ပြီးလို့တောင် နေအုံးမှာ သူက

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service