ဒီမိသားစုကို ကျမသတိထားမိတာကြာပြီ။ သူတို့ ဒီရပ်ကွက်ကိုပြောင်းလာတာ တစ်လကျော်လောက်ရှိပြီ။ ကျမတို့ ခေါင်းရင်းအိမ်က သားအမိနှစ်ယောက်က သူတို့အိမ်ဘယ်ဘက်တစ်ခြမ်းကို ကန့်ပြီးအိမ်ငှားတင်ထားတယ်။ အဲအခန်းလေးကို ဒီမိသားစုငှားနေကြတယ်။ အသက် (၂၅) နှင့် (၃၀) ကြားဟု ခန့်မှန်းရသည့် ထိုလင်မယားတွင် တစ်တန်းကျောင်းသူ သမီးတစ်ယောက်နှင့် အသက် ၃ နှစ်နီးပါးအရွယ် သမီးတစ်ယောက်ပါလာသည်။ ကျမအခန်းက အိမ်ခေါင်းရင်းဘက်ဖြစ်တာမို့ စကားကျယ်ကျယ်ပြောတတ်သည့် သူတို့လင်မယားရဲ့ စကားသံတစ်ချို့ကို အမြဲလိုလို အတိုင်းသားကြားရလေ့ရှိတယ်။
သူတို့လင်မယား စီးပွားရေး မပြေလည်ပါ။ အိမ်ထောင်တစ်ခုတွင် စီးပွားရေးမပြေလည်သည့်အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း လင်မယားနှစ်ယောက်စကားများ ရန်ဖြစ်နေကြတာကို နေ့စဉ်နှင့်အမျှကြားနေရတော့ ကျမလည်းစိတ်ဝင်စားမိတယ် ... သူတို့ဘာလို့များ မပြေလည်ကြပါလိမ့် ၊ ဘာစီးပွားများလုပ်ကြပါလိမ့် ၊ ပုံစံကတော့ လက်လုပ်လက်စားပုံစံပါပဲ။ သို့သော် ဒီအချိန်ထိသူတို့ဘာလုပ်လို့ ဘာကိုင်မှန်း ကျမလည်းတိတိကျကျ မသိသေး။
ကလေးမနှစ်ယောက်ကတော့ အချောလေးတွေပဲ။ မနက်မိုးလင်းရင် အကြီးမလေးကျောင်းသွားတာကို မြင်ရတယ်။ အငယ်လေးကတော့ အိမ်ရှေ့မြေပြင်မှာ အမြဲလိုလိုတစ်ယောက်တည်း ဆော့နေတာတွေ့ရတတ်တယ်။ အကြီးမက မိန်းမလည်ရုပ်မျိုးလေး။ သွက်သွက်လက်လက်နှင့် စကားပြောတတ်ဆိုတတ် ၊ တစ်ခါတစ်ခါ ဒီကလေးမ ရေချိုးရင်း သီချင်းအော်ဆိုနေတာများ အဖြတ်အတောက်အဆွဲအငင်အပြည့်နှင့် လူကြီးလေးလို။ အငယ်မလေးက တော်တော်အေးမဲ့ပုံပဲ။ အိမ်နီးနားချင်းတစ်ဝိုက်က ဘယ်ကလေးနှင့်မျှ မပေါင်းဘဲ တစ်ယောက်တည်းဆော့နေတာပဲ အမြဲတွေ့ရတယ်။
ကျမက ညအတော်နက်တဲ့အထိ စာကျက်လေ့ရှိတယ်။ သူများတွေလို မိုးလင်းစောစောထမကျက်တတ်တော့ ညနက်အထိကျက်လိုက်ပြီးမှ မနက်ပုံမှန်းချိန်အိပ်ရာထလေ့ရှိတယ်။ ဒီညစာကျက်နေရင်း ဟိုဘက်အိမ်ကဆူဆူညံညံသံတွေ ကြားလိုက်လို့ သတိထားပြီးနားစွင့်မိတယ်။ သြော်....ဖဲရိုက်နေကြတာပဲ။ အသံလုံလိုလုံငြား ကျမပြတင်းတံခါးတွေ လိုက်ပိတ်လိုက်တယ်။ မရပါဘူး... ကြာလေဆူလာလေ။ ဒီလိုအသံမျိုးနှင့်သာ ညတိုင်းဖဲရိုက်ရင် သိပ်မကြာဘူး ရဲဖမ်းမိနိုင်တယ်ဟု ကျမစိတ်အချဉ်ပေါက်စွာ တွေးမိသည်။ စာဆက်ကျက်ဖို့က မဖြစ်နိုင်တော့တာကြောင့် ဘိုင်အိုပုံတွေပဲ အဆွဲထိုင်ကျင့်နေလိုက်တော့တယ်။ ဟူး.... ဒီလိုသာညတိုင်းဆို ခက်သေးရဲ့။
တစ်နေ့ ကျမကျူရှင်မရှိတာကြောင့် နောက်ကျမှ အိပ်ရာထဖြစ်တယ်။ အမေ့ကိုမတွေ့ ၊ ဈေးသွားနှင့်ပြီထင်သည်။ သွားတိုက် မျက်နှာသစ်ရင်းမနက်စာ ဘာစားရကောင်းမလဲ စဉ်းစားနေတုန်း အသံတစ်ခုနားထဲတိုးဝင်လာတယ်။ သူပြောလိုက်တာကတော့ တိုးတိုးလေး ။ ဒါပေမဲ့ ကျမနားထဲအကျယ်ကြီး ဆောင့်ဝင်သွားသည်။ ကလေးအငယ်လေးက မိုးလင်းတော့ ဗိုက်ဆာကြောင်း မအေဖြစ်သူကို ချွဲချွဲလေးပြောတယ်။ မအေက သူပြောနေကျပုံမှန်ထက် တိုးသောလေသံဖြင့် “ မေမေ့မှာ ပိုက်ဆံမရှိလို့ သမီးရယ် ... နောက်နေ့မှ ပေါင်းစားနော် ”။ ဘုရားရေ ... ကျမအံ့သြသွားသည်။ ဒီလိုမိခင်မျိုးလည်း ရှိပါသလား။ သုံးနှစ်အရွယ်လောက် သမီးအား မနက်စာကို နေ့လည်စာနှင့်ပေါင်းစားခိုင်းသည်တောင် မဟုတ် ၊ နောက်နေ့မှ ပေါင်းစားတဲ့လေ။ ကလေးမ ဘာများပြောမလဲဟု ကျမစိတ်ဝင်တစားနားစွင့်ပေမဲ့ ကလေးကဘာမှဆက်ပြောတာ မကြားရ။ ခဏနေတော့ ကျမအိမ်ပြင်ထွက်ပြီး ဟိုဘက်အိမ်ကို တစ်ချက်ချောင်းကြည့်လိုက်သည်။ ကလေးမလေးက ပုံနရိပ်ပင်နားမှာ ထုံးစံအတိုင်းတစ်ယောက်တည်း ကစားနေသည်။
“ဟိတ် ကလေးလေး ... မီးမီးမနက်စာစားပြီးပြီလား”
ကလေးမလေးက ကျမကိုမော့ကြည့်ပြီး ခေါင်းခါပြသည်။ သူက ကျမကိုအမြဲမြင်နေကျမို့ သိပ်စိမ်းမနေ။
“ မမမုန့်သွားစားမလို့ ... လာ မီးမီးလိုက်ခဲ့ ဘာစားချင်လဲ”
ကလေးမက အိမ်ထဲပြေးဝင်သွားသည်။ ဟောတော့...ကျမက ဘာလုပ်ရမယ်မှန်းမသိ ။ ကြောင်တောင်တောင်နှင့် အိမ်ရှေ့မှာဆက်ပြီးရပ်နေမိတယ်။ မကြာပါဘူး။ ကလေးမလေး ပြန်ထွက်လာပြီး ကျမအနားလာရပ်တယ်။ ကျမလည်းကလေးလေး လက်ဆွဲပြီး လမ်းထိပ်က လက်ဘက်ရည်ဆိုင်ထွက်လာခဲ့လိုက်တယ်။ ကလေးလေးက တစ်ကယ်တမ်းစကားပြောကြည့်မှ လူလည်မလေးမှန်း ကျမသိလိုက်တယ်။ “ခွန်း ကလေ ... ခွန်း ကိုလေ ...”ဆိုပြီး သူ့နာမည်လေး ထည့်ထည့်ပြီး အသံစာစာလေးနဲ့ စကားပြောတတ်တယ်။ အပြန်သူ့အိမ်ရှေ့ရောက်တော့ ကျမကိုနမ်းပြီး အိမ်ထဲဝင်သွားတယ်။ ကလေးတွေကို သိပ်ကြည့်မရတဲ့ကျမ ဒီကလေးမလေးကို တော်တော်ချစ်သွားမိတယ်။ သနားချစ်လေးဆို ပိုမှန်ပါလိမ့်မယ်။
ကျမပဲ ကြုံတတ်လွန်းလို့လား မသိ။ ဒီမိသားစု နှင့် ရေစက်ပါလာသည်ထင်သည်။ ဒီတစ်နေ့လည်း ပျင်းပျင်းရှိတာနဲ့ နေ့လည်ဘက် အိမ်အနောက်လမ်းထဲက စာအုပ်အငှားဆိုင်သွားပြီး ဝတ္ထုတစ်အုပ်လောက်ငှားဖတ်ဖို့ စိတ်ကူးနဲ့ ထွက်လာလိုက်တယ်။ ဒီလမ်းမှာ မူလတန်းကျောင်းရှိတယ်။ ဒီအချိန်ကလေးတွေ နေ့လည်ထမင်းစားဆင်းချိန်ဆိုတာကို ကျမသတိမထားမိလိုက်ဘူး။ လမ်းထဲမှာ ကျောင်းစိမ်းနဲ့ ကလေးတွေ ရှုပ်ရှက်ခတ်နေတော့တာပါပဲ။ ကျမလည်း ကလေးတွေ ရှောင်ရင်းတိမ်းရင်းနဲ့ ကျောင်းရှေ့က အဖြတ် ၊ ကျောင်းခြံစည်းရိုး သံဇကာနားက ဗံဒါပင်အောက်မှာငုတ်တုတ်ထိုင်နေတဲ့ ကျောင်းသူတစ်ယောက်ကို လှမ်းမြင်တယ်။ ဟို အကြီးမလေးပဲ ၊ ကောင်မလေးက လမ်းဘက်ကိုမျှော်နေတယ်။ မျက်နှာက ငိုမဲ့မဲ့လေးနဲ့ ... ငိုနေတာတော့ မတွေ့ရဘူး။ ကျမကလည်း ဒီမိသားစုနဲ့ ဒီကလေးတွေကို ဘာရယ်ကြောင့်မှန်းမသိ စိတ်ဝင်စားနေမိတော့ ဒီတစ်ခါလည်း ကျောင်းခြံစည်းရိုးနားသွားပြီးတော့ ကောင်မလေးကို လက်ယပ်ခေါ်လိုက်တယ်။
“ညီမလေး ထမင်းစားပြီးပြီလား” ... စိတ်ထဲကအလိုလိုသိနေတဲ့ အသိနဲ့ တည့်တည့်ပဲမေးလိုက်တော့ ကောင်မလေးက ....
“ ဟင့်အင်း.. မေကြီးထမင်းဗူးလာပို့မယ်ဆိုလို့ သမီးက ဒီနားမှာထိုင်စောင့်နေတာ”
“အော် ...”
“အခုထိလည်း မလာသေးဘူး ... ကျောင်းကပြန်တက်တော့မယ် မနေ့ကလိုပဲ မလာတော့ဘူးထင်ပါတယ်”
“ဟင် ... မနေ့ကလည်း မလာဘူးလား”
“ဟုတ်ကဲ့”
“ကျောင်းကဘယ်အချိန်တက်မှာလဲ ... ဗိုက်ဆာရင်မုန့်မဝယ်စားဘူးလား”
“သမီးမှာ မုန့်ဖိုးမရှိဘူး...” ကောင်မလေးက ပြောရင်းခေါင်းငုံ့သွားသည်။
ကျမကျောင်းရှေ့အသုပ်စုံဆိုင်က အသုပ်တစ်ပွဲမှာပြီး အသုပ်ဆိုင်ကို ကောင်မလေးဆီသွားပေးခိုင်းလိုက်သည်။ သြော် ... ဒီလူတွေနှင့်တော့ ခက်တော့တာပါပဲ။
နောက်နေ့တွေကစပြီး ထိုကလေးမနှစ်ယောက်နှင့် ညနေစောင်းလမ်းထိပ် အကြော်ဆိုင်ထွက်ထိုင်သည့်အကျင့်ကို ကျမရခဲ့သည်။ သူတို့ရဲ့ အမေနဲ့အဖေကိုတော့ မေးထူးခေါ်ပြောလောက်သာ ကျမဆက်ဆံဖြစ်သည်။ လမ်းဘေးတောက်ခုံဝိုင်းတွင်အမြဲရှိတတ်သော ထိုယောကျာ်းနှင့် ကွမ်းယာဆိုင်တွင် အမြဲရှိတတ်သော ထိုမိန်းမတို့ သူတို့ဝမ်းရေးကို မည်သို့ဖြည့်နေကြမှန်း ကျမစဉ်းစားလို့မရ။ ထို့အပြင် ၎င်းတို့နှစ်ယောက်တည်း မဟုတ် ၊ ဒီကလေးနှစ်ယောက်ရဲ့ လိုအပ်ချက်တွေကိုရော မည်သို့ဖြည့်ဆည်းမည်ဟု တစ်ခါမျှပင်မတွေးဘဲနေလေရော့သလားဟု တစ်ခါတစ်ခါကျမတွေးကြည့်မိသည်။ မည်သို့ပင်ဖြစ်စေ သန်သန်မာမာဖျတ်ဖျတ်လတ်လတ်ကြီး ထိုနှစ်ယောက်ကတော့ မည်သည့်အလုပ်အကိုင်မျှ မယ်မယ်ရရလုပ်သည်ကို မတွေ့ရဘဲ သူတို့နေမြဲအတိုင်းနေဆဲ။ ကျမကတော့ ထိုလူလည်ကလေးမလေးနှစ်ယောက်အား သနားသံယောဇဉ်လေးဖြင့် နေ့တိုင်းကိုယ့်မုန့်ဖိုးထဲမှ မုန့်ဝယ်ကျွေးမြဲ ၊ တစ်ခါတစ်ရံ ကစားစရာလေးများ ဝယ်ပေးတတ်မြဲ။ ထိုလင်မယားမည်သည့်အခါ အလုပ်အကိုင်မယ်မယ်ရရလုပ်မည်ကိုလည်း တွေးမြဲ ၊ စောင့်ကြည့်မြဲပင်။
ဒီညနေ အမေကပါ အကြော်စားချင်တယ်ဆိုတာကြောင့် အမေရယ် ကျမရယ် ကလေးနှစ်ယောက်ရယ် လမ်းထိပ်အကြောင်ဆိုင်စီထွက်လာကြတယ်။ အစပိုင်းမှာ အမေက ဒီကလေးနှစ်ယောက်နှင့်ပတ်သတ်ပြီးကျမကို ဆူချင်သည်။ ကိုယ်ဒီလိုကျွေးမွေးသ၍ကတော့ သူတို့ပိုပြီးပေါ့နေဦးမှာပဲဟု အမေကမြင်သည်။ ဟုတ်တော့လည်း ဟုတ်သည်။ သို့သော် ကျမက ဒီကလေးနှစ်ယောက်ကို တော်တော်သနားသည်။ ကိုယ်မှမကျွေးရင် ဟိုတစ်လောကလို နောက်နေ့မှပေါင်းစားဟူသော အသံမျိုးနောက်တစ်ခါထပ်မကြားချင်။ ကလေးတွေက လိမ္မာပြီး ချစ်ဖို့ကောင်းတော့ အမေလည်းချစ်လာသည်။ အခုဆို အိမ်မှာထမင်းခေါ်ကျွေးတတ်သည့် အထိ။ ကျမကျူရှင်သွားလျှင် အမေက ကလေးနှစ်ယောက်နှင့် အိမ်မှာတီဗွီကြည့်ကျန်နေတတ်သည်။ တစ်ခါတစ်လေ ဈေးထဲမှ အထည်စလေးများဝယ်ပြီး အပ်ချုပ်စက်ရှေ့၌ ညီအမနှစ်ယောက်ဖို့ အကျီ င်္ဆင်တူချုပ်ပေးတတ်သေးသည်။ ဒီကလေးမနှစ်ယောက်က အမေ့အတွက် အပျင်းပြေလေးတွေ ဖြစ်လို့နေတော့တယ်။ ဒီညနေ ကျမတို့ အကြော်ဆိုင်ရောက်တော့ ခါတိုင်းညနေပိုင်းလက်မလည်အောင် ရောင်းရလေ့ရှိတဲ့ဆိုင်က အခုလူရှင်းနေတယ်။ အကြော်သည် အဒေါ်ကြီးလည်း အေးအေးဆေးဆေးမို့ထင်ပါ့ ၊ အမေ့ကို ထွေရာလေးပါး စကားတွေလှမ်းပြောနေတယ်။ ကျမကတော့ ထုံးစံအတိုင်းကလေးနှစ်ယောက် ရေနွေးပူလောင်မှာစိုးလို့ ရေနွေးအိုးမကိုင်ဖို့ သတိပေးနေရတယ်။
“ မဥမ္မာတို့သားအမိက ဒီကလေးနှစ်ယောက်ကိုတော်တော်ချစ်တာပဲနော်”
အမေက ရယ်နေသည်။
“သူတို့မိဘတွေက အားနေဖဲဝိုင်းမှာချည်း အမရဲ့ ၊ ဖအေကတစ်ခါတစ်လေ ဆိုက္ကားသမားတွေနဲ့ အရက်ဆိုင်မှာ ... မအေကလည်း မရှိမဲ့ရှိမဲ့ပိုက်ဆံလေး အားနေချဲထိုးပစ်နေတာ”
“အင်း ..ဟုတ်တယ် ၊ ကလေးတွေက သနားစရာလေ” .... အမေကပြောတော့
“ကျမလည်း ကလေးတွေသနားလို့ပါ ... ဟိုနေ့က သူတို့မအေ ဘေးနားလာပြီး အကြော်ကြေတွေ လာနှိုက်စားနေတုန်းက ကျမပြောပါတယ်......
ငါ့ဆိုင်မှာ အကြော်ဝိုင်းရောင်းပေး ... ငါတစ်နေ့ ငါးရာပေးမယ်ပြောတာကို ...
ကျမက ဘာလို့အကြော်ရောင်းရမှာလဲတဲ့ ... ငတ်သေရင်သေပစေ ဘယ်တော့မှမရောင်းဘူးတဲ့လေ..ကျမကမနေနိုင်မထိုင်နိုင် ပြောမိတာတောင်နောင်တရတယ်”
“အော်...ဘာဖြစ်လို့လဲတဲ့”
အမေကလည်း စပ်စပ်စုစုမေးသည်။ ဘာလို့သူများအကြောင်းလျှောက်မေးနေမှန်း မသိဘူးဟု ကျမ စိတ်ထဲကပြောလိုက်မိတယ်။ ဒါပေမဲ့ ကျမလည်း အသိချင်သား...။
အကြော်သည်အဒေါ်ကြီးကဆက်ပြောတယ်။
“သူတို့မိသားစုက အရင်က ပိုက်ဆံရှိတယ်ပြောတယ်.. အထည်ကြီးပျက်တွေပေါ့ ။ ချဲဒိုင်ကိုင်တာ လျော်မလောက်အောင် ရှုံးပြီး ထွက်ပြေးလာတာပြောတယ် ... အရင်ကတည်းက ချဲဒိုင်ကိုင်တဲ့သူတွေဆိုတော့ လက်ကြောတင်းအောင်မလုပ်ရဘဲ ဘော်ကြော့နေရတာကိုး...ဒီတော့ ကျမတို့လိုဈေးသည်မလုပ်ချင်ဘူးပေါ့ ရှက်စရာလို့ထင်နေတာ”
“အော်...”
အမေက ပြောစရာစကားမရှိတော့သလို ခေါင်းတညိမ့်ညိမ့်နှင့် ကျမကိုလှမ်းကြည့်တယ်။ ကျမကတော့ အငယ်မလေးဆံပင်ကို ပွတ်သပ်ပေးနေလိုက်တယ်။ ကျမအထင်တော့ သူတို့လင်မယားတလွဲမာနတွေထားနေကြတာပါပဲ။ ငါတို့မျိုးရိုးက တစ်သက်လုံးဈေးရောင်းစားလာတာ မဟုတ်ဘူးဆိုတဲ့ မာနအခံက သူတို့ကို အလုပ်မလုပ်ဘဲ ဝမ်းဟာခံခိုင်း ၊ မိခင်စိတ်မဲ့ခိုင်းနေတယ် ထင်ပါ့။ ဈေးရောင်းသည်ကို ရှက်သည်ဆိုလျှင် လောင်းကစားလုပ်ခြင်းအား မရှက်ဘူးလား မိမိရင်မှဖြစ်သော သားသမီးကို ရှာမကျွေးဘဲအငတ်ခံခိုင်းထားသည်ကို မရှက်ကြဘူးလား... သြော်....ဒါမျိုးမိသားစု ဘယ်နှစ်ခုလောက်များရှိနေကြပါလိမ့်။ ကျမအမေ့ကို ကျေးဇူးတင်တဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်လိုက်တာ အမေတစ်ယောက်သိချင်မှ သိမှာပါ။ ကျမအမေက မိန်းမသားတစ်ယောက်တည်းနဲ့ ကျမဘဝကိုဘယ်လိုပျိုးထောင်ပေးခဲ့သလဲ ... သူတို့ကိုသိစေချင်လိုက်တာရှင်။
မစ်(စ်)သွန်းသွန်း
Tags:
Share
You need to be a member of Myanmar Blogger Society to add comments!
Join this Ning Network