Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ဇနိ

St. Petersburg သို့ အလည်သွားခြင်း - ၂

၃-၀၈-၂၀၀၈(တနင်္ဂနွေနေ့)
ကျနော်တို့ ၃-၀၈-၂၀၀၈ နေ့မှာ ပီတာစဘတ်ကို မနက်ခင်းရောက်သွားတော့ နွေရာသီဆိုပေမယ့် ရာသီဥတုက နွေရာသီပုံမပေါက်ပါဘူး။ မိုးရာသီမှာလို မိုးလေးတဖွဲဖွဲရွာနေပါတယ်။ အင်တာနက်မှာ ရာသီဥတုကြိုတင် ခန့်မှန်းချက်တွေကို ကြိုဖတ်ထားတာဆိုတော့ ဒီလိုဖြစ်မယ်ဆိုတာ အစကတည်းက သိပြီးသားပါ။ စိန့်ပီတာစဘတ်၊ မော်စကော့(ဗ်)စကီးဘူးတာကို ရောက်ရောက်ခြင်း ဘယ်မှ မသွားတတ်ပါဘူး။ ရထားဘူတာထဲမှာ လာကြိုမယ့် သူငယ်ချင်းတွေကို စောင့်ရပါတယ်။


စိန့်ပီတာစဘတ်ကိုရောက်မှ သိတာက ကျနော်တို့မော်စကိုမှာသုံးတဲ့ ဖုန်းလိုင်း(မက်ဂါဖုန်းလိုင်း)က စိန့်ပီတာစဘတ်ရောက်ရင် သုံးမရတော့ပါဘူး။ (သုံးလို့ရအောင် နှိပ်ရတဲ့ကုတ်တွေရှိတယ်ထင်ပါတယ်၊ ကျနော်က မလုပ်တတ်တာပါ။) သူငယ်ချင်း ကိုလူအေးသုံးတဲ့ အခြားလိုင်း(ဘီးလိုင်း)ကတော့ ရပါတယ်။ ကျနော့်ဖုန်းက ဖုန်းအဝင်တွေလည်းမရပါဘူး။ ဒုက္ခနဲ့လှလှတွေ့ကြတော့တာပါပဲ။ ဖုန်းလေးနဲ့ အလွမ်းသယ်ဖို့ရာ အတော်ခက်သွားပါတယ်။ သူငယ်ချင်း ကိုလူအေးဖုန်းက အဝင်ရတော့ သူ့ဖုန်းနဲ့ အလွမ်းသယ်ပါတယ်။ ဒါပေမယ့် မသိလိုက်တာက ကိုလူအေးဖုန်းလိုင်းကလည်း အဝင်ကော(လ်)ကို မော်စကိုမှာ မဟုတ်လေတော့ ဖုန်းထဲက ပိုက်ဆံတွေကို ဖြတ်သွားတာများ၊ ဖုန်းထဲက ပိုက်ဆံကုန်မှ သိလိုက်ရပါတယ်။

Московский вокзал
станция метро «Площадь Восстания»
မော်စကော့(ဗ်)စကီး ဗောက်ဇာ(လ်)

ဒီလိုနဲ့ လာကြိုတဲ့ သူငယ်ချင်းများနဲ့ မြေအောက်ရထားဘူတာကို သွားကြပါတယ်။ မြေအောက်ရထားဘူတာကို ရောက်ရောက်ခြင်း သူငယ်ချင်းတွေ စုပြီး ဓာတ်ပုံရိုက်ပါတယ်။ ရိုက်ပြီးချက်ခြင်းပါပဲ မက်ထရိုရဲရောက်လာပြီး မြေအောက်ဘူတာထဲမှာ ဓာတ်ပုံမရိုက်ရပါဘူး၊ ဒဏ်ငွေဆောင်ပါဆိုလို့ ရူဘယ်(လ်) ၁၀၀ ဒဏ်ငွေဆောင်ခဲ့ရပါသေးတယ်။ ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်းပါပဲ။ မော်စကိုမြေအောက်ဘူတာတွေမှာ ဓာတ်ပုံကြိုက်သလို ရိုက်လို့ရပါတယ်။ စိန့်ပီတာစဘတ်မှာတော့ မြေအောက်ရထားဘူတာအတွင်းမှာ ဓာတ်ပုံရိုက်လို့ မရဘူး။ လာကြိုတဲ့သူငယ်ချင်းတွေက ပြောဖို့မေ့သွားလို့ပါ။ သူငယ်ချင်းတွေက ရထားစီးဖို့ လက်မှတ်ပေးတော့ အကြွေစေ့လေးတွေဖြစ်နေတော့ အံ့သြမိပါတယ်။ အရင်ကလည်း မကြားဖူးပါဘူး။ သူငယ်ချင်းများက အမှတ်တရ သိမ်းထားဖို့ တစေ့စီလက်ဆောင်ပေးလို့ စကန်ဖတ်ပြီး ဘလော့ဂ်ဖတ်သူငယ်ချင်းများလည်း သတိတရပြချင်တာကြောင့် အမှတ်တရ တင်လိုက်ပါတယ်။ တခြားနိုင်ငံ၊ အခြားမြို့တွေမှာရော ဒီလို အစေ့လေးတွေ သုံးမသုံးမသိပါဘူး။ ကျနော်ကတော့ ပထမဆုံးစတွေ့ဖူးတာဖြစ်လို့ အံ့သြနေတာပါ။

ဒီလိုနဲ့ သူငယ်ချင်းများနေတဲ့ မြေအောက်ရထားဘူတာကို သွားရပါတယ်။ မြေအောက်ရထားလိုင်းတွေအကြောင်း နည်းနည်းရေးပါဦးမယ်။ စိန့်ပီတာစဘတ်က မြေအောက်ရထားစနစ် စတင်အလုပ်လုပ်တာက ၁၉၅၅-ခုနှစ်မှာဖြစ်ပြီး ယခုလက်ရှိဘူတာပေါင်း ၆၀ ရှိပြီး လိုင်း ၄-လိုင်းပြေးဆွဲပါတယ်။ မော်စကိုက မြေအောက်ရထားစနစ်နဲ့ ယှဉ်ကြည့်ရအောင်။ မော်စကိုမြေအောက်ရထားစနစ်ကို ၁၉၃၅ ခုနှစ်မှာစတင်ခဲ့ပြီး ဘူတာပေါင်း ၁၇၆-ဘူတာ၊ လိုင်းပေါင်း ၁၂-လိုင်းရှိပါတယ်။ ရထားလက်မှတ်ခကတော့ မော်စကိုမှာ လက်မှတ်တစောင်ကို ၁၉-ရူဘယ်(လ်) (1US$~23rubles)ပေးရပြီး စိန့်ပီတာစဘတ်မှာတော့ ၁၇-ရူဘယ်(လ်)ပေးရပါတယ်။ မော်စကိုမှာရော စိန့်ပီတာစဘတ်မှာပါ မြေအောက်ရထားဘူတာအတွင်းကို လက်မှတ်တစောင်ဖြတ်ပြီး ဝင်လိုက်တာနဲ့ ဘူတာအပြင်ဘက်မထွက်မချင်း ကြိုက်သလောက်စီးလို့ရပါတယ်။ အခြားနိုင်ငံတွေရဲ့ စနစ်ကိုတော့ မသိပါဘူး။ သိတဲ့သူများ ဝေမျှလိုက ဝေမျှခဲ့ပါဦး။ ကျနော့်ရောက်ဖူးတဲ့ မြေအောက်ရထားဘူတာတွေကို ယှဉ်ကြည့်တော့ မော်စကိုက ဘူတာတွေက ဆိုဗီယက်ခေတ်အနုပညာလက်ရာတွေနဲ့ ပိုပြီးလှပါတယ်။ စိန့်ပီတာစဘတ်က မြေအောက်ရထားဘူတာတွေက အလှနည်းတယ်လို့ထင်မိပါတယ်။

စိန့်ပီတာစဘတ်မြို့ နှင့် မော်စကိုမြို့ မြေအောက်ရထားလမ်းကြောင်းပုံများ

မော်စကိုမြို့ကို အဝိုင်းပုံစံဆောင်လုပ်ထားတာဖြစ်တော့ အဝိုင်းပတ်ပြေးလမ်းတခုလည်း ပါပါတယ်။ မြို့လည် (စက်ဝိုင်းဗဟိုမှာ) ကရင်မလင်၊ ရင်ပြင်နီ၊ အစိုးရရုံးတွေ စိုက်ပါတယ်။ ရထားလမ်းတွေက စက်ဝိုင်းဗဟိုကနေ ဖြာထွက်နေသလိုလိုဖြစ်နေတော့ မြေပုံကြည့်ရတာ အတော်လေးလှပါတယ်။

မြေအောက်ရထားကို Автово (Avtovo) အာ(ဗ်)တိုဗိုဘူတာထိ စီးပြီး трамвай (tram-car) စီးပြီး နားခိုရာနေရာကို ရောက်အောင်လာခဲ့ပါတော့တယ်။ ထရမ်ဗာအိ-ကားခကတော့ တစ်ယောက်ကို ၁၆ ရူဘယ်(လ်)ပေးရပါတယ်။


ဒီလိုနဲ့ပဲ သူငယ်ချင်းများနေတဲ့ဆီမှာတည်းခိုပြီး ရောက်ရောက်ချင်း မိုးကလည်းရွာနေ၊ ခရီးက မပမ်းသော်လည်း ပမ်းသလိုလိုနေပြီး ၃-၀၈-၂၀၀၈ က ဘယ်ကိုမှ အလည်မထွက်လိုက်ပါဘူး။

အလည်ထွက်သည်များကို ဆက်လက်ရေးသားပါမည်။

Tags: petersburg, travelling

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service