The Prominent Online Society of Myanmar Blogger

ဘလော့ဂ်ကို လာလည်တဲ့ မိတ်ဆွေတွေကတော့ မေးတော့မယ်၊ တချို့ကလည်း မေးငေါ့ကြတော့မယ်။ တချို့ကလည်း ခေါင်းစဉ်ကြီးဖတ်ပြီး လန့်သွားတာပဲလို့ ပြောကြတော့မယ်။ လန့်သွားရင်လည်း ဆက်ပြီးလန့်သွားသလိုသာ နေလိုက်ပါလို့ ပြောပါရစေ...။ ဘာလို့လဲဆိုတော့ အဲဒီခေါင်းစဉ်ကိုပဲ ရေးသွားမှာ ဖြစ်လို့ပါ။ ဒါနဲ့ စကားစပ်လို့ ကြားဖူးတဲ့ အင်္ဂလိပ်ဟာသ တစ်ပုဒ်ကို ပြန်ပြောပြမယ်။
အမေက ခိုင်းလိုက်တဲ့ လေးနှစ်အရွယ် သမီးလေးဟာ အိမ်ရှေ့ ခြံဝင်းထဲမှာ အလုပ်လုပ်နေတဲ့ ဖခင်ဆီကို သွားပါသတဲ့။ ရောက်ရောက်ချင်းပဲ သူ့အဖေကို မေးတယ်... `Dady, what is sex? ..... ဒက်ဒီ Sex ဆိုတာ ဘာလဲဟင်´ တဲ့။ အဖေလုပ်တဲ့သူလည်း တော်တော်လေး ခေါင်းခြောက်ပြီး တုန်လှုပ်သွားတယ်။ အချိန်အတော်ကြာ သေချာစဉ်းစားပြီးမှ သူ့သမီးငယ်လေးကို ကမ္ဘာမြေထု၊ ရေထု၊ လေထုတွေ အကြောင်း... အဲဒီကနေ ပန်းပွင့်လေးတွေ၊ လိပ်ပြာလေးတွေ၊ ဖားတွေ၊ ငါးတွေ၊ ခွေးတွေ စသဖြင့် တဆင့်ခြင်း ရှင်းပြတယ်။ သူ့သမီးလေးကလည်း ခေါင်းတွေ တဆတ်ဆတ်ပြီး နားလည်ဟန် ပြတဲ့အခါမှပဲ သူ့အဖေက သက်ပြင်းကိုချပြီး... `နေပါဦး... သမီးက ဘာဖြစ်လို့ Sex ဆိုတာကို မေးရတာလဲ´ လို့မေးတဲ့အခါ သမီးငယ်လေးက `Bcoz, mom said that dinner will be ready in a sec ..... အင်း... မေမေက ညနေစာ စက္ကန့်ပိုင်းအတွင်း ပြီးပြီ လို့ ပြောခိုင်းလိုက်လို့ပါ´ တဲ့။
(Sec ဆိုတာ Second ကို အလွယ်ဖြတ်ခေါ်တာပါတဲ့ဗျာ) ကဲ... ကောင်းကြသေးရဲ့လား ပရိသတ်ကြီးဆိုတာ ဒါမျိုးပဲ ဖြစ်မှာ။
ထားဗျာ... အစတွေ ချီမနေတော့ဘူး။ အခုကျွန်တော်ပြောမှာကတော့ ခုနက ပုံပြင်လို မဟုတ်ပါဘူး... အတည့်တွေပြောမှာပဲဖြစ်ပါတယ်။ ဘလော့ဂ်လာဖတ်တဲ့ သူတွေကိုလည်း အသက် ၁၈ နှစ်ကျော်ပြီလို့ ယူဆလိုက်တယ်။ အင်း... Living Together ဆိုတာ... မြန်မာလို ဆိုရင်တော့ `အတူတကွ နေထိုင်ခြင်း´ ပေါ့။ နေထိုင်တာဆိုတော့ ထိုင်နေတာ မဟုတ်မှာ သေချာပါတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ကတ်သီးကတ်သတ် လာပြောဖူးတယ် (သူလည်း ဦးနှောက်တစ်ခြမ်းရာဂါ ကူးနေပြီထင်တယ်) ဘာပြောလဲဆိုတော့... `မင်္ဂလာဆောင်ပြီးတဲ့သူတွေက အတူမနေထိုင်ရလို့ ခွဲနေရမှာလား´ တဲ့။ ဟုတ်တော့လည်း ဟုတ်တယ်ဗျ။ မြန်မာစကားကလည်း တခါတခါ မရှင်းမရှင်း သိပ်လုပ်တတ်တာ။ အဓိပ္ပာယ်နှစ်ခွတွေနဲ့ (ဥပမာ။ အတူအိပ်ခြင်း၊ နောက်မီးလင်းခြင်း၊ ပေါင်းဖော်ခြင်း၊ ပေါင်းသင်းဆက်ဆံခြင်း၊ လှန်ပြပါ... စတာတွေ)။ ကျွန်တော့်အင်္ဂလိပ်စာ ဆရာပြောသလိုပဲ `တို့မြန်မာတွေက သိပ်ရိုးတာ... မရှက်ရမယ့်နေရာ ရှက်နေတယ်´ ဆိုသလိုဖြစ်နေပြီ။
ကျွန်တော်တွေးကြည့်မိတော့လည်း ဟုတ်သလိုလို ဖြစ်နေတယ်ဗျ... တချို့ ကြော်ငြာတွေမှာ ရေးတာဆိုရင် စာသံပေသံနဲ့ `တစ်လင်တစ်မယား စနစ်ကျင့်သုံးပါ´ ဘာညာလုပ်နေတာတွေပေါ့။ အမှန်ကလိုရင်းပဲ... `လိင်ကိစ္စမရှုပ်နဲ့ကွာ´ ဆိုပြီးရော ဖြစ်ရမှာလေ။ အဓိကက ပညာတတ်ကော၊ မတတ်တဲ့သူကော နားလည်တဲ့ ဝေါဟာရမျိုးဖြစ်သင့်တယ်လို့ထင်တယ်။ အခုလိုရေးတော့ စာတတ်ပေတတ်တွေပဲ ဒါမျိုး လုပ်နေသလို ဖြစ်မနေဘူးလား။ (ထင်တာပြောတာ...)။ ပြီးတော့ `တစ်လင်တစ်မယား´ ဆိုတဲ့ဟာကို ဟန်သစ်ငြိမ်လို ဦးနှောက်တစ်ခြမ်းပဲ ရှိတဲ့သူတွေဖတ်မိရင် `တစ်လင် တစ်မယားဆိုတော့... တစ်မယားနှစ်လင် ရတယ်လို့ ဆိုလိုတာလား´ ဘာညာတွေးမိနေဦးမှာ။ ဒါနဲ့ပဲ ကျွန်တော့်ကို မရှင်းမရှင်းလုပ်နေတဲ့ သူငယ်ချင်းကို Cambridge Dictionary လှန်ပြီး Definition ကိုဖွင့်ပြလိုက်တယ်။ Living Together ကို အင်္ဂလိပ်လို Formal ကျကျ သုံးတာက Cohabitation တဲ့...။ အတူနေထိုင်တာကိုတော့ Cohabit လို့သုံးတယ်။
Cohabit: If two people, especially a man and woman who are not married, cohabit, they live together and have a sexual relationship.
အဲဒါကို မြန်မာလို ခပ်တိုတိုအဓိပ္ပာယ် ဖွင့်ရရင် `လက်မထပ်ဘဲ အတူအိပ်ခြင်း´ လို့ပဲ ပြန်ရတော့မယ်။ (နားရှက်စရာတွေလို့ ထင်ရင်... မျက်စိဖြင့်သာ ဆက်ဖတ်ပါရန်...)
မြန်မာစကားပဲ ကပ်ရှုပ်တာမဟုတ်ဘူး၊ အင်္ဂလိပ်စာကလည်း ရှုပ်တယ်ဗျ။ ဥပမာ... ကျွန်တော်ဒီမှာနေတာ ဗီယက်နမ်တစ်ယောက်၊ ကမ္ဘောဒီယားတစ်ယောက်နဲ့အတူ စုစုပေါင်း သုံးယောက်တစ်ခန်း နေရတယ်။ အဲဒါကို တခါတလေ `I am living together with them´ လို့ယောင်ပြီး ပြောမိတာ ခဏခဏပါပဲ။ အဲလိုမှားပြောလည်း ဘယ်သူမှ မရယ်ကြဘူး။ ကျွန်တော်က ပြန်ပြင်ပြောမှ သဘောပေါက်ပြီး ရယ်ကြတာ။ အဲဒီတော့ကျွန်တော်ပဲ လူညစ်ပတ်ကြီးလို ဖြစ်ရော...။ (အမှန်က They are my roommates ဆိုပြီး ပြောသင့်တယ်လို့ထင်တယ်။)
ကဲ... `လစ်ဗင်းတူဂဲတား´ ကတော့ဟုတ်ပါပြီ။ `လစ်ဗင်းမတူဂဲတား´ ဆိုရင်ကောဆိုပြီး မေးလာနိုင်ပါတယ်။ ဒါဆိုရင် ထပ်ဖြည့်မေးလိုက်မယ်... ခင်ဗျားနဲ့ ဆန့်ကျင်ဘက်လိင်ပိုင်ရှင်တစ်ယောက်နဲ့ ကဖေးဆိုင်တစ်ခုမှာ ထိုင်နေတယ်ဆိုပါတော့...။ အဲဒါ ဘာတူဂဲတားလို့ ထင်လဲ။ `လစ်ဗင်းမတူဂဲတား´ လား... `မလစ်ဗင်းတူဂဲတား´ လား...။ အိမ်ထောင်ကျပြီးတဲ့ သူတွေက ဘာတူဂဲတား ဖြစ်ပြီး.. အိမ်ထောင်မပြုတဲ့ အာပြို၊ လူပြိုတွေကကော... ဘာတူဂဲတားဖြစ်မလဲ။
ဆက်ရန်...
စာကြွင်း။ ဒီတစ်ခေါက်တော့ ဒီလောက်ပဲ ပေါ့ပေါ့ပါးပါး ရေးလိုက်သည်။ နောက်အဆက်မှာတော့ နည်းနည်း လေးလေးတွေ ရေးပါမည်။ (အတုံးလိုက် အတစ်လိုက်တွေ ပါချင်ပါလာပါမည်။)
Tags:
Comment
© 2009 Created by MBS on Ning. Create a Ning Network!
You need to be a member of Myanmar Blogger Society to add comments!
Join this Ning Network