Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ဇနိ

ဝါသနာကို မတားနဲ့ရှင့်

မနေ့က China Town ကိုရောက်လို့ တရုတ်ဆိုင် ဝင်ဖြစ်တယ်။ တရုတ်ဆိုင်ရောက်ရင် မဝယ်ရမနေနိုင်ပြန်ဘူး။ ပြန်လာရင် သယ်ရတာလေးလို့ လက်အံများတောင်သေတယ်။ ဒါလည်း “ဝါသနာဟာ တားမရတာ မောင်အသိသားမို့ သဘောထားကြီးလို့ ချစ်သဝန်မကြောင်စေလို“ အဲ ဟုတ်ပါဘူး ဒါကဖြူသီရဲ့ သီချင်းပါ။ ဖြူသီက သီချင်းဆိုချင်တာ။ မဇနိက ဈေးဝယ်ချင်တာပါ။ စိတ်ကလည်း ပူပန်တတ်တယ်ထင်ပါ့။ ပန်းကန်ဆေးဆပ်ပြာဆို အပိုဝယ်မထားရရင် အိပ်လို့မပျော်ဘူး။ ဒီမှာဘာလိုချင်လိုချင် ချက်ချင်းဝယ်လို့ရတာကို ဆီ (၂) ဗူးလောက် ဝယ်ထားတတ်လို့ အစ်မတယောက်က ဆူခံထိသေးတယ်။ တရုတ်ဆိုင်ရောက်လို့ ဝယ်ရ။ ထိုင်းဆိုင်ရောက်လို့ ဝယ်ရ။ အင်ဒိုနီးရှားအစာတွေ ကားနဲ့လာရောင်းလို့ ဝယ်ရ။

တနေ့ကလည်း မိုးတွေခြိမ်းသပေါ့။ ဘယ်ရမလဲ ကျောင်းကနေ သုတ်ခြေတင်ပြန်လာတယ်။ တကယ်က (၃) နာရီလောက် ရှိသေးတော့ စောသေးတယ်။ ဒါလည်း ခပ်တည်တည်ပဲ အိတ်ဆွဲ၊ နှုတ်ဆက်ပြီး ပြန်ချလာတာ။ အိမ်ရောက်ရင် ဘာလုပ်တယ်မှတ်လဲ ထမင်းအိုးတွေ ကဗျာကယာဆေးပြီး ချက်လိုက်တယ်။ ရေနွေးတည်ပြီး ဓါတ်ဗူးလေးနဲ့ လက်ဖက်ခြောက်လေးခပ်ထားလိုက်တယ်။ စိတ်က မိုးတွေခြိမ်းရင် မီးပျက်မယ်။ မီးပျက်ရင် စားစရာသွားဝယ်ရတာ ဝေးတယ်။ အခန်းထဲရှိတော့ စားသောက်ပြီး စောင်လေးခြုံ၊ စာအုပ်လေးဖတ်မယ်။ ဒီစိတ်ကူးတွေဆီရောက်သွားလို့ ထမင်းတွေ ချက်နေတာပါ။ မီးတခါမှ မပျက်တဲ့နေရာမှန်းသိပေမယ့် ခဏလေးမှာ မြန်မာပြည်က ကျောင်းသူဘဝကို သတိရစိတ်က တွဲနေတယ်ထင်တယ်။ အဆောင်မှာ မနက်(၄)နာရီတိုင်း မီးပျက်တဲ့ကာလတွေက မိုးလင်းရင် မဇနိက ထမင်းစားနေပြီ။ သူငယ်ချင်းတွေက အိတ်ချင်မူးတူးနဲ့ ထမင်းချက်မယ်လုပ်ရင် မီးကမလာတော့ဘူး။ ဒါတွေသိနေတော့ အိပ်တာကောင်းကောင်း မပျော်ဘူး။ မီးကလည်း တခါတလေ မနက် (၂) နာရီလာပြီး (၄) နာရီ မတိုင်ခင် ပျက်တတ်တာကိုး။ စိတ်ပူတတ်တဲ့သူက ဘာနဲ့မှ တားလို့မရဘူး။ ထမင်းအိုးတည်ဖို့ပဲ ပုတီးစိတ်နေတော့တာ။ ခက်တော့တာပါပဲနော်။

မာစတာတက်တော့လည်း နေတဲ့အဆောင်က ရေမကောင်းဘူး။ အဝတ်အဖြူရောင်ဆိုရင် ဂျိုးဖြူရေနဲ့ လျှော်မှ မဟုတ်ရင် အဝါရောင်ပြောင်းသွားလိမ့်မယ်။ ဘာဒါဈေးကိုသွား၊ ရေဇလားအကြီးကြီးတွေဝယ် taxi လေးနဲ့သယ်။ ဟင်း ဟင်း အလုပ်တွေဖြစ်နေတာ။ ကိုဇနိ ဒါတွေ မသိခဲ့ဘူး။ သူမှမရှိတာ ထင်တိုင်းကြဲနေတာလေ။ အဲဒီအချိန်က အဆောင်မှာ လူလည်းနဲတော့ အခန်း (၂) ခန်းရတယ်။ တခန်းကို ထမင်းချက်ခန်းလုပ်ထားတယ်။ တခန်းမှာ အခန်းဖော်နဲ့ (၂) ယောက်နေတယ်။ အိပ်ခန်းမှာ အဝတ်သေတ္တာနဲ့ စာကြည့်စားပွဲပဲထားတယ်။ ဟိုဖက်တခန်းမှာ ကျောက်ပျဉ်တွေပါ ပို့ထားတယ်။ အခန်းဖော်က မှန်အကြီးကြီးလည်းရှိတော့ အဲဒီအခန်းမှာထားပြီး အလှပြင်တယ်ပေါ့။ ထမင်းချက်၊ ထမင်းစားတဲ့ စားပွဲ အားလုံး အဲဒီမှာထားတော့ လူနေခန်းက သိပ်သန့်ရှင်းပါတယ်။ ထမင်းစားခန်းခြေရင်းမှာ ရေဇလားတွေထားတယ်။ အပြင်အများသုံးတဲ့ရေကန်မှာ ထားလည်း ရပေမယ့် အဲဒီမှာထားရင် ရေဖြည့်လို့သာ မောသွားမယ်။ အချိန်တန်ရင်သွားကြည့် ကိုယ့်ဇလားထဲ ရေမရှိတော့ဘူး။ တချို့တချို့တွေက ကျော့ကျော့လေးနေတယ်။ အိပ်ယာမထဘူး။ ဒါပေမယ့် ဂျိုးဖြူရေကလည်း လိုချင်တယ်။ ဘာလုပ်လဲ လွယ်တာပေါ့ သူများခပ်ထားတာ ယူသုံးသွားကြတာပေါ့။ တနေ့ကို (၂) ကြိမ်လာတဲ့ ဂျိုးဖြူရေ (ရေဖြူ) ကို ဒုက္ခခံမခပ်ရင် မရပါဘူး။ နောက်ဆုံးတော့ အများသုံးတဲ့ရေကန်ကြီးနား မထားရဲတော့ဘဲ ကိုယ့်အခန်းထဲမှာပဲ ထည့်ထားကြရပါတယ်။ အခန်းဖော်ကလည်း အသန့်ကြိုက်တော့ ရေဖြူက ကြုံသလို ခပ်ထားကြပါတယ်။ သူများတွေက “နင်တို့ အခန်းထဲမှာ ဆည်များဆောက်နေကြသလား“ လို့ မေးကြတယ်။ မဇနိက အဲလိုတွေ အားကြီးစိတ်ပူတတ်တာ။

ရန်ကုန်မိုးတွင်းနဲ့ နေရတဲ့အဆောင်က လားလားမှ အဆင်မပြေလှဘူး။ အဆောင်ကို တခြားလူတွေ ထပ်ရောက်လာတော့ လူတအားများလာတဲ့အချိန်က မိုးတွေအဆက်မပြတ်ရွာတဲ့အချိန် တိုက်ဆိုင်တော့တယ်။ လူနည်းတဲ့အချိန်ဆိုရင်တော့ အခန်းလွတ်တွေထဲမှာ အဝတ်လှန်းရင် အဆင်ပြေပါတယ်။ လူများလာတဲ့အခါ အပြင်ကို ထုတ်လှန်းမှ အဆင်ပြေတော့တာ။ ခက်တာက အဆောင်ကနေ ကျောင်းကို တနေကုန်သွားနေရတယ်။ နေ့လည်ခင်းလေး ခဏတာနေပူပေမယ့် အဆောင်မှာရှိမနေ။ စိတ်ပူတတ်တဲ့မဇနိက အတန်းတချိန်လောက်လစ်ရင် ပြန်ပြေးတာ။ “အဝတ်လှမ်းဖို့“။ တခါတလေ ကိုဇနိနဲ့ အင်တာနက်ပြောနေရင်း မပြောမဆို အဆောင်ကို အဝတ်လှမ်းပြန်ပြေးရော။ နောက်နေ့ကျ အဆူခံရရော။ လိုင်းကားစီး အပင်ပန်းခံပြီးကို အဝတ်သွားလှန်းတာ။ ဝါသနာလား ဝသီလား မသိတတ်တော့ပါဘူး။ အဝတ်ညစ်တထည်လောက်ရှိရင်လည်း အိပ်လို့မပျော်ဘူး လျှော်ချင်နေတာ။ အခုထိလည်း အဲဒီအကျင့်က မပျောက်ပါဘူး။ အခန်းကျဉ်းကျဉ်းလေးကို ခဏခဏသန့်ရှင်းရေးလုပ်နေလို့ ကိုဇနိအဆူခံရတယ်။ ခဏခဏပါပဲနော်။ မှတ်မှတ်ရရ သူမြန်မာပြည်အလည်ပြန်လာတော့ အဆောင်ကို လာတွေ့ပါတယ်။ မဇနိက ကြာနေလို့ စိတ်ဆိုးပါလေရော။ “ဘာလုပ်နေလို့လဲ“ တဲ့ “အဝတ်လျှော်နေလို့“ ဆိုတော့ “ထားလိုက်စမ်းပါ ဘာအဝတ်မှ မလျှော်နဲ့“ ဆိုပြီး ငေါက်ခံရတယ်။ တကယ်က ငေါက်လည်း မကြောက်ဘူး။ သူငယ်ချင်းဆိုတော့ မကြောက်ပါဘူး။

ကဲ စိတ်ပူတတ်တာတွေ ပြောပြီးပေါ့။ သည်းခံဖတ်ကြတာ ကျေးဇူးတင်ပါတယ်။ ဒါနဲ့ပဲ ဟင်းချက်တာလည်း တားမရတဲ့ဝါသနာတမျိုးဆိုတော့ ချက်တယ်ပေါ့။ ဘလော့ဂ်တင်တယ်ပေါ့။ နှိပ်စက်တယ်ပြောတဲ့သူတွေ၊ သူခိုးရွှေရ တပြပြပြောတဲ့အမကြီးတွေရေ ဒီနေ့ချက်တာလေးတော့ တင်လိုက်အုံးမယ်နော်။ ရှမ်းတို့ဟူးနွေးလုပ်စားတာပါ။ ပဲပုပ်လေးလည်း ကြော်လိုက်မိတယ်။ မုန့်ကြွပ်လေးက ဆန်ခေါက်ဆွဲဖတ်ကို ဆီနဲ့ကြော်လိုက်တာ။

ရှမ်းစားပြီးရင် သစ်တော်သီးစားလို့ရပြီ။


ကျေးဇူးတင်ပါတယ်။
မဇနိ

Tags: myanmar-curry

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service