Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ဇနိ

မြိန်ရာဟင်းကောင်း

“ငါ့ချဉ်ပေါင်ချက်နဲ့ သူများဝက်သားချက်များ မလဲနိုင်ပေါင်“ လို့ အဆောင်မှာနေတုန်းက သူငယ်ချင်းတွေကို ပြောမိတတ်ပါတယ်။ သူတို့ကလည်း “နင့်ချဉ်ပေါင်ချက်များ“ ဆိုပြီ ပြန်ပြောကြပေမယ့် အချိန်တန်ရင် အလုအယက်အားပေးကြပါတယ်။ ကျွန်မရဲ့ဟင်းက ကောင်းလို့တော့ ဟုတ်မယ်မထင်ပါဘူး။ အဆောင်မှာဆိုတော့ ဟင်းမရှိကြလို့ ဖြစ်မှာပါ။ တချို့ သူငယ်ချင်းတွေကလည်း “အိမ်မှာ မချက်ရတော့ မချက်တတ်ဘူးလေ“ လို့ လုပ်တတ်တယ်။ တချို့ကလည်း “ဒို့က ထမင်းစားပြီး ပန်းကန်တောင် အိမ်မှာဆို မဆေးရဘူး“ ၊ “ဒို့က ကြက်သွန်နီမွှန်တတ်တယ်“၊ “ဒို့က ငရုတ်သီးကိုင်ရင် လက်ပူတတ်လို့နော်“၊ “ကြက်သွန်လှီးရင် လက်ဓါးပြတ်တတ်လို့“ နဲ့ မျိုးစုံပြောကြပါတယ်။ ဒီလိုသာပြောကြမယ်ဆို မဇနိလည်း အိမ်မှာ ဘာဟင်းမှ မချက်ရပါဘူး။ ဟင်းချက်နည်းလည်း ဘယ်ကမှ မသင်ခဲ့ပါဘူး။ ကျောင်းရောက်တော့ ဘယ်သူမှမရှိရင် ကိုယ်တိုင်မှမချက်ရင် ဘာစားကြမတုန်းနော်။ ဒီတော့ ကိုယ့်ဘာသာချက်ရတာပေါ့။ ခုတော့လည်း ဘယ်ဟာမဆို ကိုယ်တိုင်ချက်ရမှ အားရတယ်ဖြစ်နေတာ။ ပင်ပန်းတာပေါ့နော်။

အဆောင်မှာလည်း သူများချက်တာဆို ကြိုက်တာက ခပ်ရှားရှား၊ သူများလုပ်တာဆို အားမရတော့ ကိုယ်ပင်ပန်းတာပေါ့။ အသုပ်ဆိုလည်း ကိုယ့်လက်နဲ့မနယ်ရရင် ကောင်းတယ်မထင်တော့ လက်ပူတယ်။ ကိုဇနိက မြန်မာအလည်ပြန်လာတော့ အားလူးကြော်ကျွေးချင်တယ်ဆိုလာတယ်။ “ကဲ ကြော်ပေါ့နော်“။ မစားနိုင်ပါဘူး။ သူ့ကို အပြီးထိ မကြော်စေဘဲ ရပ်ခိုင်းရပါတယ်။ သူကြော်ပုံကလည်း ဆီဆူရင် အားလူးတုံးတွေ ပစ်ထည့်တယ်။ နောက်မှ ဆားတွေ ဆနွင်းတွေ ဖြူးသတဲ့။ ဘယ်လိုလုပ်အရသားရှိမလဲနော်။ မဇနိက အစွဲအလန်းကြီးတာလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဟင်းကောင်းတွေ ထူးထူးဆန်းဆန်းတော့ မချက်တတ်ပါဘူး။ ကိုယ်တိုင်ကလည်း အသားဟင်းတွေ သိပ်မစားပါဘူး။ ဟင်းရွက်လေးတွေကို ကိုယ်ကြိုက်တဲ့ပုံစံချက်တယ်။ ဒါလောက်ပဲ ရတာပါ။ ဒီလိုပဲ ကိုယ်ကြိုက်တယ်ဆို အဆင်ပြေသပေါ့။ မြိန်ရာဟင်းကောင်းလို့ သဘောထားတော့ စိတ်ကျေနပ်ပါတယ်။ ဟင်းချက်မပျင်းတော့ ရောက်တဲ့နေရာမှာ အစားမဆင်းရဲတော့ဘဲ ကိုယ်စားချင်တာလေးတွေ စားနိုင်တာပေါ့နော်။ ဟင်းချက်တယ်ဆိုတာလည်း အချိန်အတော်အသင့် ကုန်ပါတယ်။ ဒီနိုင်ငံမှာ တော်တော်များများက ချက်ပြုတ်မစားပါဘူး။ မဇနိက ဟင်းချက်စားတယ်ဆိုတော့ ကျောင်းမှာ အထူးအဆန်းလုပ်မေးကြတယ်။ “နေ့တိုင်းချက်စားသလား“၊ “မနက်စာရော ညစာရောလား“ မေးကြတယ်ပေါ့။ သူတို့က ထူးဆန်းနေပေမယ့် ဒါက သာမန်ကိစ္စလေးပါ။ သူတို့အံ့သြကြပေမယ့် မဇနိချက်တာကို စားချင်လှကြောင်း ခဏခဏပူဆာကြတယ်။ အားတဲ့အခါတော့ ချက်ကျွေးနိုင်ပေမယ့် မအားရင်တော့ မသိချင်ယောင်ဆောင်နေပါတယ်။

မနေ့က အုအဲနိုဈေးတန်းအပြန်မှာ ပုဇွန်၊ နံနံပင်နဲ့ ကန်စွန်းရွက်တွေ ရလာတယ်။ ခရမ်းချဉ်သီးကလည်း အိမ်နားမှာ (၄) လုံးကို ယန်း (၃၀၀) လောက်ပေးနေရတာကို အဲဒီမှာ (၁၂) လုံးမှ ယန်း (၂၉၈) ဆိုတာနဲ့ ဝမ်းသာအားရ အလေးခံသယ်လာခဲ့တယ်။ ခရမ်းချဉ်သီဆိုလည်း ဗူးနဲ့ဟာတွေ မစားနိုင်တော့ ပိုက်ဆံပိုကုန်ပါတယ်။ တခြားဟာတွေလျှော့စားပြီး ခရမ်းချဉ်သီးတော့ မလျှော့နိုင်ပါဘူး။ ဟီး ဟီး။ တကယ်က တခြားဟာလည်း မလျှော့ဘူးရယ်။ မောင်လေးနဲ့ လျှောက်လည်ပြီး အုအဲနိုကို ဈေးဝယ်ချင်လို့ မဖြစ်မနေဝင်လိုက်တာပါ။ ဒီနေ့တော့ စိတ်ကူးလည်းရတာနဲ့ ပစ္စည်းလည်းစုံသလောက်ဆိုတော့ ဟင်းချက်ဖြစ်တယ်။ ထမင်းစားလို့မြိန်တဲ့ နေ့တနေ့ဖြစ်သွားတော့ ကျေနပ်သလိုသလိုပေါ့။ အစားအသောက်ကောင်း စားရရင် ချစ်တဲ့သူတွေကို သတိရတယ်တဲ့။ ခရမ်းသီးကလည်း ချက်လိုက်တော့ ခရမ်းသီးသိပ်ကြိုက်တဲ့ ကိုဇနိကို ကျွေးချင်မိတယ်။ ဒါနဲ့ ဓါတ်ပုံလေးတွေပါ ရိုက်ဖြစ်တယ်။ ဘလော့ဂ်ကိုလာလည်တဲ့ မိတ်ဆွေတွေကိုလည်း သတိရသပေါ့နော်။ လက်ဖက်သုပ်နဲ့ ကြက်ဥကြော်လောက်ဆို ကိုဇနိက ထမင်းမစားပါဘူး။ တကယ်က သရက်သီးမှည့်လည်း ပါသေးတယ်။ လက်ဖက်သုပ်ကလည်း ပုဇွန်ခြောက်နဲ့ ရှယ်သုပ်ထားတာပါ။ ထမင်းပန်းကန်ကို ဇွန်းနဲ့ခေါက်နေတာ။ မြင်ရတဲ့သူက စိတ်မချမ်းသာပါဘူး။ သူက အသားဟင်းတွေလည်း သိပ်ကြိုက်ပါတယ်။ ကျွန်မနဲ့တော့ ဆန့်ကျင်ဖက်ပါပဲ။ ကျွန်မက ဟင်းစားနဲတာလည်း သူအတော်လန့်တယ် “သူနဲ့အတူနေရင် နဲနဲလေးမကျွေးနဲ့နော်“ လို့လည်း မှာရှာတယ်။ ခရမ်းသီးသိပ်ကြိုက်တဲ့သူက ကျွန်မချက်ကျွေးတဲ့ ခရမ်းသီးဟင်းတော့ အတော်စားပါတယ်။ သူနဲ့အတူနေရင် “ဝက်မွေးမယ်။ ခရမ်းသီးခင်း စိုက်မယ်“ လို့ ပြောထားရတယ်။ ဒါနဲ့ပဲ ဒီနေ့မြိန်ရာဟင်းလေးတွေကို တင်လိုက်ပါတယ်။
ဒီနေ့ ဟင်းချက်ရာမှာ သုံးမည့်ပစ္စည်းလေးတွေပါ။

ပုဇွန်အခွံမနွှာခင်ကပုံပါ။


ခရမ်းသီးတော့ နည်းနည်းအလုံးကြီးတာရလာလို့ တင်လိုက်တယ်။


ဒါကတော့ ခရမ်းသီးချက်ဖို့ လိုအပ်တာလေးတွေ ပြင်ဆင်ထားတာ။


ခရမ်းသီးကို ပုဇွန်ခြောက်လေးနဲ့ နှပ်ထားတယ်။


ခရမ်းချဉ်သီးတွေများနေတာနဲ့ ခရမ်းချဉ်သီးငပိချက် ချက်လိုက်တယ်။ နောက်နေ့တွေမှ စားမှာဆိုတော့ နံနံပင်မအုပ်ပါဘူး။


ကန်စွန်းကို အရိုးနဲ့ အရွက်ခွဲသင်ပြီး အရိုးကို နည်းနည်းစောကြော်လိုက်တယ်။




ပုဇွန်တဝက်ကို ဆီသတ်ပြီး ငံပြာရည်၊ ငရုတ်သီးလေးနဲ့ လိမ့်ထားလိုက်တယ်။


ပုဇွန်တဝက်ကို ခရမ်းချဉ်သီးနဲ့ချက်ပြီး နံနံပင်လေးအုပ်လိုက်တယ်။


ခရမ်းသီးဟင်း၊ ပုဇွန်ဟင်း၊ ကန်စွန်းရွက်ကြော်ဆိုတော့ အချဉ်လေး လိုနေလားလို့ ပဲပင်ချဉ်ကို ကြက်သွန်နီလေးနဲ့ သုပ်လိုက်တယ်။ မဇနိအတွက် စားလို့မြိန်လှသပေါ့။


အလည်လာသူမိတ်ဆွေတွေလည်း ဓာတ်ပုံလေးတွေကို အားပေးသွားပေါ့နော်။
ကျေးဇူးတင်ပါတယ်။
မဇနိ

Tags: myanmar-curry

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

May Moe Comment by May Moe on August 14, 2008 at 9:50pm
ဗိုက်ဆာသွားပြီ မမနိ
မင်းကျန်စစ် Comment by မင်းကျန်စစ် on August 14, 2008 at 9:31pm
ရှယ်ချက်ပီး လွမ်းနေတယ်ပေါ့လေ ဟတ်ဟတ်။
သားရေယိုအောင်လုပ်တယ်ဗျာ မကျေနပ်ဘူး ဒါပဲ :P

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service