Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

သို့
ချစ်ရပါသော မမမွန်
ရယူခြင်း...ပေးဆပ်ခြင်း
အဲဒီလို ငြင်းခုန်နေကြသူတွေထဲမှာ
ကျွန်တော် ဘာ့ကြောင့် လူရာမ၀င်နိုင်ခဲ့တာလဲ
ကျွန်တော်လည်းပဲ ချစ်တတ်ခဲ့ပါတယ် မမမွန်။

ထားလိုက်ပါတော့ မမမွန်
ကျွန်တော့်အတွက် ပိတ်ထားတဲ့ တံခါး
ကမ္ဘာကုန်အောင် ပွင့်မသွားဘူးပဲ ထားလိုက်ပါတော့
နင့်နင့်သီးသီး စကားလုံးတွေတော့
တစ်ချိန်ချိန်မှာ လျော့ပါးသွားမလား
အဲဒီလို မျှော်လင့်ထားခဲ့ပါတယ် မမမွန်။

နည်းနည်းပါးပါး ခါးသက်ပေမယ့်
ဖြေသိမ့်နိုင်သလောက်တော့ ကျွန်တော် စိတ်လျှော့ထားခဲ့ပါရဲ့
“မသာကောင်..သေခြင်းဆိုး” လို့ ကြားနေရတာက
ဝေးသွားတာထက် စာရင်တော့
နည်းနည်းပျော့တဲ့ ဝေဒနာပါ။

ချစ်ရပါသော မမမွန်
ဒီနေ့ ကျွန်တော့်ကို မချစ်ဘူး
မနေ့ကလည်း မချစ်ဘူး
အရင်နေ့ကလည်း မချစ်ဘူးဆိုတော့
နည်းနည်းတော့ လက်လျှော့လိုက်ချင်ပြီ မမမွန်။

ဒါပေမယ့်လည်း မမမွန်
မနက်ဖန်မှာ ချစ်လာနိုင်မလား
သဘက်ခါမှာ ချစ်လာမလား
နောက်ရက်တွေမှာ ချစ်လာနိုင်သေးလားဆိုပြီး
မျှော်လင့်ချက်တွေက အပြီးသတ်ဖို့ ခဲယဉ်းနေတုန်းပဲ မမမွန်။

အားနာလို့ပဲဖြစ်ဖြစ်
သနားလို့ပဲ ဖြစ်ဖြစ်
ကျွန်တော် မျှော်လင့်ခွင့်ရှိတာ အကုန်လုံးအတွက်
နောက်ဆုံးထွက်သက်အထိ မျှော်လင့်နေပါရစေ မမမွန်။
ကျွန်တော့်ဘ၀အတွက် အလိုအပ်ဆုံးလည်း ဖြစ်နေလို့ပါ။

“လက်နက် မပါဘဲ
စစ်ဝင်္ကဘာကို ငါမသွားရဲဘူး“ ..တဲ့
တာရာမင်းဝေက ပြောတယ် မမမွန်
မမွန် မပါတဲ့ ဘ၀တိုက်ပွဲထဲ ကျွန်တော်လည်း မသွားရဲဘူးဗျာ..။

“ငါ့ အိပ်ယာနဲ့ ငါ့ည က
ငါ့ကျောကုန်းအောက်မှာ ကျပျောက်သွားခဲ့တယ်“ ..လို့
ကဗျာတစ်ပုဒ်ရေးဖူးတယ် မမမွန်
အနှိပ်စက်ခံနေရမှတော့
အအိပ်ပျက်တာလည်း မဆန်းဘူးပဲ ဆိုပါတော့..
အားမတန်ရင် မာန်လျှော့ရပါတယ် မမမွန်..။

စွပ်စွဲတာ မဟုတ်ရပါဘူးနော်..
နွံထဲမှာ နစ်နေတာကိုပဲ သိစေချင်တာပါ

တစ်ခါတစ်လေတော့လည်း
အချစ်ဆိုတာ စောဖို့ အဓိက မဟုတ်ဘူး
စစ်ဖို့ အဓိကလို့ မမွန်ကြားအောင် အော်ပစ်ချင်တယ်
ကျွန်တော်နဲ့ မမွန်ရဲ့ ချစ်ချစ်
စစ်မဖြစ်ရဘူးဆိုရင်ပါ။

သိပါရဲ့လား မမမွန်
မျက်လုံးမှိတ်ပြီး မမွန်အကြောင်းတွေးရင်
တခြားယောက်ျားကို တွဲပြီး မြင်ယောင်နေရတာ
ကြီးစွာသော ဒုက္ခပါ မမမွန်
နောက်ကျတယ်ဆိုတဲ့ စကား
နောက်ဘ၀အထိ မကြားချင်ဘူး
တူးတူးခါးခါး မုန်းတယ် မမမွန်။

ဒါပေမယ့်ပေါ့ မမမွန်
ထူးတော့လဲ မထူးပါဘူးနော်
““မင်းအရင် လာခူးလဲ
ဖူးပွင့်ပေးမှာ မဟုတ်ဘူး”” လို့ မမွန် ပြောခဲ့ဖူးသားပဲ..။
ဒီလိုဆို မမမွန်
မမွန်ရဲ့ သိက္ခာတရားအတွက်...
ရောက်တဲ့ နေရာမှာ ကျွန်တော်ရပ်နေရမယ်လား..
ထားလိုက်ပါတော့ မမမွန်..။

ချစ်ရပါသော မမမွန်
မမွန်က ခေါင်းရှောင်ချင်မှတော့..
ဒါရိုက်တာက ကျွန်တော်ပဲ လုပ်ရတော့မှာပေါ့
(၀မ်းနည်းဖို့ ကောင်းတာတစ်ခုက...)
ကျွန်တော်ကိုယ်တိုင် ဇာတ်ညွှန်းရေးရပေမယ့်
ကိုယ့်ကိုယ်ကို ငဲ့ပြီး မင်းသားနေရာမှာ ရေးရင်း
ဇာတ်လမ်းတစ်ဝက်မှာတင် ဗီလိန်နေရာကို ဆင်းပေးလိုက်ရတယ် မမမွန်။

သို့ ...
ကျွန်တော့်ရဲ့ ...ချစ်ရပါသော မမမွန်..။

Tags: ကဗျာ

Share 

Comment

You need to be a member of Myanmar Blogger Society to add comments!

Join this Ning Network

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service