သမီးလေးက အသန့်ကြိုက်တာရဲ့ ဟိုဘက်တောင် လွန်နေသေးတယ်။ စကားလုံးနဲ့ ပြောပြလို့မရအောင်ကို ရွံတတ်တာလေ။ ဟိုးပေါက်စလေး အရွယ်ကတည်းက သူများကလေးတွေဆော့သလို ဖုန်တွေပေနေတဲ့နေရာတို့၊ မြေကြီးပေါ်မှာတို့ မဆော့တတ်ဘူး။ အိမ်ထဲမှာပဲ စာဖတ်လိုက်၊ အရုပ်တွေနဲ့ဆော့လိုက်လုပ်ပြီး ငြိမ်ငြိမ်ဆိမ်ဆိမ်နေတတ်တဲ့ ကလေးမလေးလေ။ ဧည့်သည်တွေလာလည်လို့ ကလေးတွေပါလာရင်တောင် တူတူဆော့ဖို့က မနည်းဖျားယောင်းရတယ်။ အဲဒီကလေးတွေသန့်လားမသန့်လားက အရင်ကြည့်တတ်သေးတာကိုး။
ကျောင်းနေတဲ့အရွယ်ရောက်တော့ ပိုဆိုးပေါ့။ ထမင်းဘူးတွေ ရေဘူးတွေကို သူ့ရှေ့မှာ ဆေးပြရတယ်။ ခဲတံဘူးတွေဆိုလည်း အရာမထင်အောင်ထားတယ်။ ချွန်စက်သုံးတတ်ပေမဲ့ ခဲတံချွန်ထားတဲ့အမှိုက်တွေ၊ ခဲမှုန့်တွေ မပေအောင် သုံးတတ်တာ။ အရွယ်နဲ့ မလိုက်လွန်းအောင်ကို အသန့်ကြိုက်တဲ့ ကောင်မလေးပေါ့။ မိုးတွင်းဆိုလည်း မိုးကာတွေကို သေချာလှန်းပေးမှ။ မဟုတ်လို့ကတော့ ၀တ်ခါနီး အနံ့ရရင် အာပြဲကြီးနဲ့ အသံကုန်ခြစ်အော်တော့တာပဲ။ အကျီင်္အဖြူတွေဆိုလည်း နည်းနည်းမှပေလို့မရဘူး။ မိုးတွင်းဆို အ၀တ်လျှော်ရတာ အသည်းအသန် ဂရုစိုက်ရတယ်။ ဖားဥများစွဲသွားလို့ကတော့ သွားရော့လဟယ်ပဲ။
တစ်ခါကများဆို ကျောင်းကဆရာမက ဖုန်းဆက်လို့ ကျောင်းကိုအပြေးသွားရတယ်။ ဘာများဖြစ်လဲဆိုပြီးတော့ပေါ့။ ကျောင်းလည်းရောက်ရော တက်မတတ်ချက်မတတ်ငိုနေတဲ့ သမီးလေးကို တွေ့ရတော့တာပဲ။ သူ့ဘေးမှာ တူတူထိုင်တဲ့ကလေးမလေးက အန်ချလိုက်တာ သူ့ကိုပေလို့ဆိုပြီးတော့လေ။ ပေနေတဲ့ ဂါဝန်ကိုလည်း ဆွဲချွတ်ချင်၊ သူ့လက်နဲ့ထိရမှာလည်း မသတီနဲ့ မျက်နှာလေး ငယ်နေလိုက်တာများ.. ခုပြန်မြင်ကြည့်ရင် ခုစိတ်မကောင်းပြန်ဖြစ်တယ်။ အဲဒီနေ့ကဆို ရေအကြာကြီချိုး၊ ဆပ်ပြာလေးခါလောက်တိုက်နဲ့.. ရေချိုးခန်းထဲက ထွက်ဖို့ မနည်းပြောယူရတာလေ။
ကျွန်မသူ့ကို စိတ်မရှည်တော့ရင် မယ်သန့်မလို့ အော်ခေါ်တတ်တယ်။ အဲလိုမျိုးခေါ်ရင်တော့ သူသိပ်မကြည်တဲ့ မျက်နှာမျိုးနဲ့ ကျွန်မအနားရောက်လာတတ်တာလေ။ ခက်တာက သူက ဒီအသန့်ကြိုက်တာကလွဲပြီး တခြားဟာအကုန်တော်နေတော့ ဆူရခက်နေတာပဲ။ စာဆိုလည်း အဆင့် တစ်ရယ် နှစ်ရယ်ပဲ။ သုံးတောင်မရောက်ဘူး။ အဲ… အဆင့်ပေးတဲ့ ကတ်ပြားမှာ ကျွန်မလက်မှတ်ထိုးလိုက်လို့ တစ်ခုခုပေသွားရင် စိတ်ကောက်တတ်တာတော့ ခြွင်းချက်ပေါ့လေ။
တစ်နေ့ကျတော့ ကျွန်မတို့ မုန့်လုပ်စားကြတယ်။ သူ့အဒေါ်၊ ကျွန်မညီမတွေ အိမ်မှာလာစုကြတုန်းလေ။ သူက ချွဲလို့ကောင်းတဲ့လူကြီးတွေ စုံနေတော့ မီးဖိုချောင်ကနေကိုမခွာဘူး။ ကျွန်မတို့လုပ်သမျှ မျက်ခြည်မပြတ် လိုက်ကြည့်နေတော့တာပဲ။ သူစားမယ့်မုန့်သန့်မသန့်ကြည့်တာလည်း ပါမှာပေါ့လေ။ ကျွန်မကတော့ ညီမတွေကိုဧည့်ခံရ၊ သူတို့နဲ့ပါလာတဲ့ တူတွေတူမတွေကို ထိန်းရ၊ မုန့်လုပ်ဖို့ ပြင်ရဆင်ရနဲ့ တော်တော်လေးကို ဟိုက်နေတာ။ ဂျုံတွေနယ်နေရင်းနဲ့ လက်ကပေရော။ သုံးယောက်ဂျုံဝိုင်းနယ်တာ ဆိုတော့ လက်အိတ်ကလည်း မလောက်ဘူးလေ။ အဲဒါနဲ့ ကျွန်မက ကျွန်မလက်မှာကပ်နေတဲ့ ဂျုံသားတွေကို ဓားနဲ့အသာလေးခြစ်ချနေတုန်း မယ်သန့်မက စကားစပါလေရော…။ “မေမေ ဘာလို့အဲလိုခြစ်ချနေရတာလဲ ဂျုံတွေကို….”။ ကျွန်မကလည်း လူကမောပြီး စိတ်တိုနေတော့ ပြန်အော်ထည့်လိုက်တယ်။ “ဘာဖြစ်လဲ၊ ညစ်ပတ်တယ်ထင်လို့လား၊ မစားချင်မစားနဲ့၊ စားမယ့်လူတွေမှတပုံ”။ အဲလိုလည်း ပြောလိုက်ရော သမီးက မျက်နှာလေးငယ်သွားပြီး တစ်ခွန်းပဲပြန်ပြောတယ်လေ။ “သမီးက မေမေလက်ရှမှာစိုးလို့ပြောတာပါ”တဲ့။
စာကြွင်း။ ။ဘာသာပြန်မဟုတ်ပါဘူး။ နှလုံးသားအာဟာရထဲက စာတွေကို သဘောကျလို့ အဲလိုပုံစံမျိုး တစ်ပုဒ်လောက် စမ်းရေးကြည့်တာ။ တစ်ဆယ်သားလောက်က နေ့အိပ်မက် ကိုယ်ပိုင်အဖြစ်အပျက်ပါ။ ကျန်တာကတော့………..။
Tags: နှလုံးသား
Share
You need to be a member of Myanmar Blogger Society to add comments!
Join this Ning Network