မွေးနေ့အတွက် အမှတ်တရပို့စ်လေးတစ်ပုဒ် ရေးချင်ပါတယ်။ အရင့် အရင်နှစ်တွေနဲ့မတူတာက ဒီနှစ်မွေးနေ့မှာ ကျမက ဘလော့ရေးဖြစ်နေခြင်းပါပဲ။ ထပ်ပြောရရင် ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ရပ်တည်တတ်တဲ့ ဘလော့ဂ်ရေးသူတစ်ယောက်ဖြစ်ချင်တာပါ။ ဘလော့တစ်ခုစလုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ အချိန်မှာ ကျမက ဘလော့ဂါတွေရဲ့ စီးဆင်းမှုသမိုင်းကို အတော်အတန်တီးခေါက်မိပြီး ရှိနေပြီ။ ငါလုပ်မည့်ဘလော့ဂ်သည် အုတ်ရော သဲရော ၊ ကျီးရောရော ကြွက်ရောရော ၊ ပေါ်ပင်ဘလော့ဂ်တစ်ခု မည်သည့်အခါမျှ မဖြစ်စေရ ဆိုတဲ့ သန္နိဌာန်လည်း ချပြီးဖြစ်နေပါပြီ။ ဒါက မိမိဘလော့ဂ်နဲ့ပတ်သက်တဲ့ ခံယူချက်အနည်းအကျဉ်းပါ။
Blogger & Blogging ဆိုတာနဲ့ပတ်သက်လို့ ကျမတီးမိခေါက်မိသမျှရယ် ၊ လက်ရှိအမြင်ရယ်ကို နည်းနည်းပြောချင်ပါတယ်။ ကျမရပ်တည်နေတဲ့ ဘလော့ဂ်ရေစီးကြောင်းက 2nd Generation လို့ ပြောလို့ရပါတယ်။ ကျမသိသလောက်1st Generation က ညီလင်းဆက် ၊ မောင်လှ ၊ Mayvelous ၊ မောင်ဇန် ၊ ကယ်လ်ဗင် ၊ မျိုးကျော်ထွန်း ၊ နေဘုန်းလတ် ၊ နိုင်းနိုင်းစနေ ၊ မယ်လိုဒီမောင် ... အစရှိသည်တို့ ။ လူနည်းစု ဖြစ်ပြီး နောက်မျိုးဆက်တွေအတွက်လည်း အားကျအတုယူစရာ ၊ လေးစားရာ တွေလို့ ခံယူမိပါတယ်။ အဲအချိန်က ဘလော့ဂ်ဂါဆိုတာကိုလည်း လူသိနည်းပါသေးတယ်။ အခု 2nd Generation ဘလော့ဂ်မျိုးဆက်မှာ ဘလော့ဂ်ဂါတွေ မှိုလိုပေါက်လာပါပြီ။ ဟိုလူ့ကြည့်လည်း ဘလော့ဂ်ရှိ ၊ ဒီလူ့ကြည့်လည်း ဘလော့ဂ်ရှိနဲ့ လူတိုင်း လူတိုင်း ဘလော့ဂါကြီးတွေကို ဖြစ်လို့နေပါပြီ။ ဒီ Generation မှာ ကျမလေးစားရတဲ့ အားကျအတုယူရတဲ့ ဘလော့ဂါတွေ ရှိသလို ကျမ မနှစ်မြို့တဲ့ ရွံရှာမိတဲ့ ဘလော့ဂါတွေလည်း ရှိနေပါတယ်။
တစ်လောက Myanmar Blogger Society ကြီး ပေါ်လာပါတယ်။ ဒါ ဘလော့ဂါတွေ အတွက် ရလဒ်ကောင်းပဲ။ ကျမတို့ ဒီ Society ကနေ အများကြီး သင်ယူတတ်မြောက်နိုင်ဖို့ မျှော်မှန်းထားခဲ့တယ်။ သို့သော် ... ဒီ Society က ထင်သလိုဖြစ်မလာခဲ့ဘူးဆိုတာ အခုချိန်မှာ လူတိုင်းလက်ခံရလိမ့်မယ်။ ဒါ ဘာကြောင့်လဲဆိုတဲ့ အရင်းအမြစ်ကို တွေးကြည့်တော့ နံပါတ်တစ်အချက် လူတစ်ဦးချင်းစီရဲ့ အတွေးအခေါ် ၊ ခံယူချက် ၊ အမြင် ၊ စိတ်ဓါတ်တို့နဲ့ ဆိုင်ပါလိမ့်မယ်။ နံပါတ်နှစ်အချက် အဖွဲ့ဝင်တွေ နဲ့ သူတို့ရဲ့ Activity တွေ။ ကျီးရော ကြောင်ရောတွေ ပါလာတဲ့ အခါ Blogging က အသည်းပုံတင်ခြင်းဖြစ်သွားတယ်။ အချင်းချင်းနှုတ်ဆက်ခြင်းက Q ခြင်းဖြစ်လာတယ်။ MBS ရဲ့ စာမျက်နှာတွေပေါ် နေရာယူလာတာ အသည်းပုံ ပို့စ်ကတ်တွေနဲ့ အီစီကလီစာတွေ ဖြစ်လို့လာပါတော့တယ်။ ကဲ.. ဘယ်မလဲ ဘလော့ဂါတို့၏ ဂုဏ်သိက္ခာ ။
ကိုယ်ပိုင်တစ်ယောက်ချင်းစီရဲ့ စာမျက်နှာတွေကိုလည်း ကြည့်ပါ။ တစ်ကယ်တမ်း ရပ်တည်မှုနဲ့ ရွေ့လျားနေတဲ့ ဘလော့ဂါတွေရှိသလို ၊ အရှက်သိက္ခာမဲ့နေတဲ့ ဘလော့ဂါတွေလည်း ရှိနေပါတယ်။ ခံစားမှုပါမှ ကဗျာကောင်းတစ်ပုဒ် စာကောင်းတစ်ပုဒ် ဖြစ်နိုင်တယ်ဆိုတာကို ကျမလက်ခံပါတယ်။ သို့သော် သိက္ခာရှိသော ၊ ကိုယ်ကျင့်တရားပြည့်ဝသော ၊ မည်သူ့ကိုမျှ ထိခိုက်နစ်နာစေခြင်းမရှိသော ခံစားမှုဖြစ်ဖို့လိုပါလိမ့်မယ်။ 2008 မှာ ဘလော့ဂါဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ခေတ်ရှေ့ပြေးဖြစ်နေပါပြီ။ စာပေလောကရဲ့ ဦးဆောင်ရာ ဖြစ်နေပါပြီ။ အင်တာနက်စာမျက်နှာတွေပေါ်မှာ ဘလော့ဂါတွေ သိက္ခာရှိရှိနေထိုင်ကျင့်ကြံသွားနိုင်ဖို့ လိုပါလိမ့်မယ်။ ကိုယ်တစ်ယောက်ကြောင့် ဘလော့ဂါတွေ ဒီလိုပဲလားဆိုတဲ့ အမြင်မျိုး စာဖတ်သူတွေရင်မှာ ကိန်းဝပ်မသွားစေလိုပါဘူး။ Blogging နည်းနည်း Q ခြင်းများများ ကိစ္စတွေကို လျော့ကြပါဦးလို့သာ ပြောချင်ပါတယ်။
မစ်(စ်)သွန်းသွန်း
Tags:
Share
You need to be a member of Myanmar Blogger Society to add comments!
Join this Ning Network