Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

Harry

Pipeline အကြောင်းသိချင်တဲ့သူတွေရှိရင် ...

ရေနံနဲ့သဘာဝဓါတ်ငွေ့နယ်ပယ်မှာ ပိုက်လိုင်းဟာ သီးသန့် နယ်ပယ်တခုဖြစ်ပါတယ်။ Pipeline Engineering, Pipeline construction, Pipeline Integrity & Inspection အစရှိသည်ဖြင့် နယ်ပယ်ပေါင်း များစွာ ရှိပါတယ်။
မြန်မာအင်ဂျင်နီယာတွေထဲမှာ ဒီနယ်ပယ်နဲ့ကျွမ်းဝင်သူ နည်းပါးနေပါသေးတယ်။
သိချင်တဲ့သူတွေရှိရင်၊ သိချင်တာလေးတွေရှိရင် ဒီမှာ မေးခွန်းလေးတွေ ထားခဲ့ပါ။ ကျနော် တတ်နိုင်သလောက် ဖြေပေးပါမယ်။
ကိုယ့်အတွေ့အကြုံကို အင်ဂျင်နီယာငယ်များအတွက် တတ်နိုင်သလောက် ဝေမျှပေးတဲ့သဘောပါ ခင်ဗျာ ... ၀ါရင့်အင်ဂျင်နီယာ ကြီးများအတွက်မဟုတ်ပါဘူး။

Tags: pipeline, oil&gas

Share

Reply to This

Replies to This Discussion

အကိုရေ...။ ဒီ Pipe line အကြောင်းကို ဆွေးနွေးပြီးသွားရင် အင်ဂျင်နီယာဖိုရမ်ထဲမှာ ပါသွားထည့်ထားလိုက်ရင် ပိုကောင်းမယ်ထင်တယ်။ ဘလော့ဂါမဟုတ်တဲ့ အင်/ယာတွေလည်း သိရတာပေါ့။

Reply to This

MyMetro said:
အကိုရေ...။ ဒီ Pipe line အကြောင်းကို ဆွေးနွေးပြီးသွားရင် အင်ဂျင်နီယာဖိုရမ်ထဲမှာ ပါသွားထည့်ထားလိုက်ရင် ပိုကောင်းမယ်ထင်တယ်။ ဘလော့ဂါမဟုတ်တဲ့ အင်/ယာတွေလည်း သိရတာပေါ့။
ထည့်ထားတယ် ညီလေး ... အခုပြီးသလောက်အထိပေါ့။ နောက်ပိုင်းထပ်တင်တာတွေလည်း ထပ်ထည့်တာပေါ့

Reply to This

အကြောင်းကြောင်းကြောင့် ဒီပို့စ်ကို ဆက်ရေးဖို့နောက်ကျသွားပါတယ်။ ဒီအတွက် စတင်မေးမြန်းတဲ့ ညီလေး MyMetro နဲ့တကွ ဖတ်ဖို့စောင့်ဆိုင်းနေရသူများကို အနူးအညွတ်တောင်းပန်ပါတယ်။

Commissioning အပိုင်းကတော့ တည်ဆောက်ပြီးတဲ့ ပိုက်လိုင်းတခုကို စတင်အသုံးပြုဖို့အတွက် စံနစ်တကျ တခုပြီးတခု လုပ်ဆောင်သွားရတဲ့ လုပ်ငန်းအဆင့်ဆင့်ပါပဲ။ Pre-commissioning & Commissioning လို့လည်း ခေါ်ကြပါတယ်။ ဒီအပိုင်းမှာ အဓိကအားဖြင့် ...
- Flooding
- Cleaning and Gauging
- Hydrostatic Testing
- Dewatering
- Swabbing and drying
တို့ ပါဝင်ပါတယ်။

Flooding ကတော့ ပိုက်လိုင်းထဲ ရေဖြည့်လိုက်တာပါ။ ဒါမလုပ်ခင် Temporary Pig Launcher နဲ့ Pig Receiver တွေ တပ်ရပါတယ်။ ဖြည့်မယ့်ရေထဲမှာ သံချေးမတက်အောင် ကာကွယ်တဲ့ Corrosion Inhibitor ရောပြီးထည့်ပေးရပါတယ်။ ကြုံရာရေကိုဖြည့်လို့မရပါဘူး။ Filter တွေလည်း ခံထားရပါတယ်။ ရေကတော့ Pump တွေနဲ့ မောင်းထည့်လိုက်တာပါပဲ။ Pressure သိပ်အများကြီးမလိုပါဘူး။ ရေပြည့်ပြီး Atmosphere pressure ထက် ပိုရုံလောက်ပါပဲ။ 5 barg ကနေ 9 barg လောက်ပဲ ထားလေ့ရှိကြပါတယ်။
Cleaning and Gauging ကတော့ Pig တွေ လွှတ်လိုက်တာပါပဲ။ Pig ဆိုတာကတော့ ပိုက်လိုင်းအထဲကို လွှတ်လိုက်တဲ့ ပစ္စည်းကိရိယာ တမျိုးပါ။ Cylinder ပုံစံများပါတယ်။ ပိုက်လိုင်းရဲ့ Internal Diameter ထက် နည်းနည်းပိုကြီးတဲ့ Sealing disc ကို တပ်ထားပါတယ်။ သူ့ကို နောက်ကနေ Pressure များတဲ့ Fluid တခုခုနဲ့ တောက်လျှောက်တွန်းပေးလိုက်တော့ ပိုက်လိုင်းတလျှောက် ရွေ့သွားတာပါပဲ။ များသောအားဖြင့်တော့ Brush Pig, Magnetic Pig နဲ့ Gauge Pig တွေလွှတ်ပါတယ်။ Brush Pig မှာတော့ steel brush တွေတပ်ထားပါတယ်။ ပိုက်လိုင်းထဲက အမှိုက်တွေ အကုန်လုံး ရှင်းသွားအောင်ပါ။ အောက်ကပုံတွေမှာကြည့်ပါ။ ပိုက်လိုင်းအသေးတွေမှာတော့ chemical cleaning လည်း လုပ်ရင်လုပ်ပါတယ်။

Brush Pigs

Cleaning Pigs

အဲဒါပြီးရင် Magnetic Pig ကို လွှတ်လေ့ရှိပါတယ်။ အောက်မှာ ပုံတွေပြထားပါတယ်။ သူ့မှာက အားကောင်းတဲ့ သံလိုက်တုံးတွေတပ်ထားပါတယ်။ ပိုက်လိုင်းတလျှောက် ရှိနေမယ့် သံမှုန်နဲ့ သံတိုသံစ ပစ္စည်း အားလုံးကို ဆွဲယူလိုက်တာပါ။

Magnetic Pig

Brush & Magnetic Pig

ပြီးတော့ Gauge Pig ကိုလွှတ်ပါတယ်။ အဲဒီ Pig မှာ အရွယ်အမျိုးမျိုးရှိတဲ့ Gauge Plate အ၀ိုင်းတွေ တပ်ထားပါတယ်။ ပိုက်လိုင်းရဲ့ Internal Diameter ထက် နည်းနည်းစီ ပိုသေးသွားတဲ့ အ၀ိုင်းပြား တွေပါ။ ရည်ရွယ်ချက်ကတော့ ပိုက်လိုင်းတလျှောက် အတွင်းကို ချိုင့်ခွက်ဝင်နေတာတွေ ရှိမရှိ တိုင်းတာတာပါ။ ရှိရင် Gauge Plate တွေမှာ ပျက်စီး တွန့်ခေါက်သွားတာမို့ ဘယ် အရွယ်အစားရှိတဲ့ Gauge Plate ပျက်ရင် ဘယ်လောက်အထိ ချိုင့်ဝင်နေသလဲ ဆိုတာ သိနိုင်ပါတယ်။ အောက်ကပုံတွေမှာကြည့်ပါ။

Gauge Pig

Electronic Caliper Pig တွေလည်း လွှတ်လေ့ရှိပါတယ်။ အောက်ကပုံမှာပြထားပါတယ်။ သူတို့မှာတော့ Spring-loaded sensor တွေ Odometer တွေပါတပ်ထားတဲ့အတွက် ဘယ်နေရာမှာ ဘယ်လောက် ချိုင့်ဝင်နေလဲဆိုတာ အတိအကျသိနိုင်ပါတယ်။ ဒါဆိုရင် ပြုပြင်ရပါတယ်။

Electronic Caliper Pig

အဲဒီ Pig တွေရဲ့ကြားမှာ ပိုက်လိုင်းအတွင်းနံရံကို တခုခုနဲ့ လိမ်းကျံထားချင်တယ်ဆိုရင် Batch pig တွေ လွှတ်ရပါတယ်။ ဥပမာ Corrosion Inhibitor လိုမျိုး နံရံမှာ သုတ်လိမ်းချင်တယ်ဆိုရင် Pig ၂ခုကြားမှာ လိုအပ်တဲ့ Chemical အရည်ကို ပမာဏ တွက်ချက်ထည့်ပြီး လွှတ်လိုက်တာပါ။

ပြီးရင် Hydrostatic Testing လုပ်ပါတယ်။ ပိုက်လိုင်းတိုင်း မလုပ်မဖြစ်လုပ်ရတဲ့ အဆင့်ပါ။ ယိုစိမ့်ခြင်းမရှိကြောင်း နဲ့ ဒီဇိုင်းလုပ်ထားတဲ့အတိုင်း လိုအပ်တဲ့အခြေအနေတွေကို ခံနိုင်ရည်ရှိတဲ့ စွမ်းရည်သတ္တိရှိကြောင်းပြသဖို့အတွက် ဖြစ်ပါတယ်။ အများအားဖြင့်တော့ Test Pressure ကို Maximum Allowable Operating Pressure (MAOP) ရဲ့ 125% နဲ့ ဆက်တိုက် အနည်းဆုံး ၄ နာရီကြာစမ်းပြီး အဲဒီ MAOP ရဲ့ 110% နဲ့ ဆက်တိုက် အနည်းဆုံး ၄ နာရီကြာ ဆက်စမ်းရပါတယ်။ (MAOP ဟာ ပိုက်ရဲ့ Specified Minimum Yield Strength (SMYS) ရဲ့ 72% တနည်းအားဖြင့် Design Factor 0.72 ထားလေ့ရှိပါတယ်။ ဒါပေမယ့် Design Code ပေါ်မူတည်ပြီး ပြောင်းလဲ နိုင်ပါတယ်။ ပုံသေမဟုတ်ပါ။ ဒါကြောင့် Test Pressure ဟာ SMYS ရဲ့ 90% အထိပဲ (တွက်ကြည့်ရင် 0.72 x 1.25 = 0.9) စမ်းလေ့ရှိပါတယ် ။ တခါတလေတော့ 95% လောက်အထိ စမ်းတတ်ပါတယ်။ SMYS အထိ ရောက်သွားအောင်တော့ အလွန်စမ်းခဲလှပါတယ်။) ဒီ Test Pressure ဟာ ပိုက်လိုင်းရဲ့ အမြင့်ဆုံးနေရာမှာ ရှိရမယ့် Pressure ဖြစ်ပါတယ်။ အဲဒီတော့ အမြင့်ဆုံးနေရာတွေဟာ Pressure Gauge တွေ Pressure Recording Chart တွေ တပ်ထားရပါတယ်။ ဒါကြောင့် မြေအနိမ့်အမြင့် သိပ်ကွာခြားတဲ့နေရာတွေမှာဆို ပိုက်လိုင်းထဲကို ထည့်တဲ့ ရေရဲ့ static head ကို အနိမ့်ဆုံးနေရာတွေမှာ ထည့်ပေါင်းလိုက်ရင် SMYS ကိုကျော်သွားနိုင်တဲ့ အခါမျိုးမှာ ပိုက်လိုင်း တလိုင်းလုံးကို တောက်လျှောက်မစမ်းပဲ အပိုင်းလိုက်လည်း စမ်းလေ့ရှိကြပါတယ်။
Hydrotest ကိုအောင်မြင်စွာစမ်းသပ်ပြီးတဲ့အခါ Dewatering လုပ်ရပါတယ်။ ရေပြန်ထုတ်တာပါပဲ။ အဲဒီအခါမှာ ပိုက်ထဲကို pig တခုထည့်ပြီး အဲဒီ pig ကို compressed air နဲ့ တွန်းထုတ်လိုက်တာပါပဲ။ Pig ကရေကို တွန်းထုတ် သွားပါတယ်။
အဲဒီနောက် Swabbing လုပ်ပါတယ်။ ဒါလည်း pig နဲ့ပဲ လုပ်တာပါပဲ။ Foam pig (polyurethane foam) တွေ ပိုက်လိုင်းထဲ ထပ်လွှတ်လိုက်ပြီး လက်ကျန်ရေကို foam နဲ့ စုပ်ယူ လိုက်တဲ့သဘောပါပဲ။

Foam Pigs

ပြီးရင်တော့ drying လုပ်ရပါတယ်။ Natural gas pipeline တွေမှာ အရေးကြီးပါတယ်။ Oil လို Liquid Hydrocarbon pipeline တွေမှာတော့ သိပ်အရေးမကြီးလှပါဘူး။ နည်းကတော့ အမျိုးမျိုးပါပဲ။ အသုံးများတဲ့ နည်းတွေကတော့ ...
- Drying with Super dry air
- Drying with Methanol
- Drying with Inert gas (nitrogen အသုံးများပါတယ်)
- Internal sand blasting
- Vaccum drying တို့ပါပဲ။
Drying လုပ်တဲ့နည်းတခုချင်းကိုတော့ အသေးစိတ်ရေးနေရင် သိပ်ရှည်သွားမှာမို့ မရေးတော့ပါဘူး။ အခါအခွင့် သင့်မှပဲ သီးသန့် ရေးပါတော့မယ်။
ဒါပြီးရင်တော့ ပိုက်လိုင်းကို packing လုပ်ထားပြီး တနည်းအားဖြင့် ပြောရရင် preserve လုပ်ထားပြီးတဲ့အခါမှာ (အများအားဖြင့် nitrogen ဖြည့်ထားလိုက်တာပါ) သယ်ပို့ပေးရမယ့် fluid ကို ပို့ဖို့အဆင်သင့်ဖြစ်နေပါပြီ။

ဒီလောက်ဆိုရင် မြေအောက်ပိုက်လိုင်း တည်ဆောက်ရေးအပိုင်းက အကြမ်းဖျဉ်းအားဖြင့် ပြည့်စုံပြီလို့ ယူဆပါတယ်။ Pipeline Pigging Technology ဟာလည်း အလွန်ကျယ်ပြန့်ပြီး စိတ်ဝင်စားစရာ အချက်တွေ အများကြီး ရှိပါတယ်။ ဒီခေတ်မှာ State-of-the-art Pig တွေ အများကြီးပေါ်လာတာမို့ Pipeline Integrity အတွက် အလွန်အရေးပါလှပါတယ်။ Pig အမျိုးအစားတွေက တော်တော်လေး ကျန်ပါသေးတယ်။ အခုတော့ ပြည့်စုံအောင် မဖေါ်ပြနိုင်ပါဘူး။ Pipeline Construction အပိုင်းနဲ့ ဆိုင်တာကိုပဲ သိသာရုံ ဖေါ်ပြလိုက်တာပါ။ အခါအခွင့်သင့်ရင် ဒီအကြောင်း ပြောပါဦးမယ်။

အားလုံးကိုလေးစားလျက်
ဟယ်ရီ (http://harrylwin.blogspot.com)

Reply to This

MyMetro said:
construction ပိုင်းကိုတော့ ပုံတွေပါ ကြည့်ရလို့ မြင်သာသွားပါပြီ။ ထိန်းသိမ်းပြုပြင်တဲ့ အပိုင်းကို အကိုအားရင် ရှင်းပြပေးပါအုံး။ ဥပမာ တောင်စောင်း၊ slope တွေမှာ မြေပြိုလိုပဲ ဖြစ်ဖြစ်၊ လူကြောင့်ပဲ ဖြစ်ဖြစ်၊ သဘာဝကြောင့်ပဲ ဖြစ်ဖြစ်ပေါ့၊ ပိုက်လိုင်းပေါ်လာတယ်၊ ပေါက်သွားတယ် ဆိုရင် ဘယ်လို ပြုပြင်ထိန်းသိမ်းမလဲ ဆိုတာလေးပေါ့။ ပိုက်လိုင်းအနက်ပေးက ၁ မီတာ အနည်းဆုံးဆိုတော့ အများဆုံး ဘယ်လောက်ထိ ထားလဲ။ အနက်ပေက မနည်းဘူးလား ဆိုတာမျိုးကော သိချင်ပါတယ်ခင်ဗျာ။

ဒီလိုပါ ညီလေးရေ ...
ပိုက်လိုင်းအနက်က အများဆုံးအနက် အနေတော့ အကန့်အသတ်ရယ်လို့ မရှိပါဘူး ... ဒါပေမယ့် သိပ်နက်ရင်တော့ တခုခုလုပ်ချင်လို့ ပြန်ဖေါ်တဲ့အခါ ခက်တာပေါ့။ မတတ်သာရင်တော့လည်း နက်နက်တူးရတာပေါ့လေ။ ပုံမှန်ကတော့ သတ်မှတ်ချက်ရယ်လို့ မဟုတ်ပေမယ့် ၃ မီတာ လောက် ထားလေ့ရှိပါတယ်။ အများဆုံးတော့ ပေ ၂၀ လောက် အနက်အထိ ထားတာ တွေ့ဖူးပါတယ်။
ပိုက်လိုင်းပေါ်လာရင်တော့ စစ်ဆေးကြည့်ရပါမယ်။ အဓိက ကတော့ Coating ပျက်၊ မပျက်၊ ပိုက်လိုင်း ရဲ့ Material ကို ထိမထိ၊ ကြည့်ရတာပါ။ အရင်ဆုံးတော့ မျက်မြင်စစ်ဆေးရမှာပေါ့။ Visual Inspection လို့ခေါ်ပါတယ်။ အဲဒီမှာ မျက်မြင်အားဖြင့်ကောင်းတယ် ဆိုရင် တော့ ဘာမှ ဆက်လုပ်စရာမလိုဘဲ လိုအပ်တဲ့ protection (warning tape တို့ဘာတို့) ထည့်ပြီး တည်ဆောက်စဉ်ကအတိုင်း Back-fll ပြန်လုပ်လိုက်ရုံပါပဲ။ မသင်္ကာရင်တော့ လိုအပ်ရင် Non-Destructive Testing (NDT) နည်းတွေကို သုံးပြီး ဆက်စစ်ဆေးရပါတယ်။ ရလဒ် ကောင်းရင်တော့ ဘာမှ လုပ်ဖို့မလိုပါဘူး။ Back-fill ပြန်လုပ်လိုက်ရုံပါပဲ။
တကယ်လို့ ပျက်နေတာ၊ ပေါက်သွားတမျိုး ရှိရင်တော့ ပြင်ရမှာပေါ့။ အဲဒါကို အရေးပေါ်ပိုက်လိုင်းပြင်ဆင်ရေးစံနစ် (Emergency Pipeline Repair System - EPRS) လို့ ခေါ်ပါတယ်။ ပိုက်လိုင်း တည်ဆောက်ပြီး စတင်လည်ပတ်ကတည်းက ဒီစံနစ်ကို စီစဉ် ကြံဆ ထားရပါတယ်။
ပေါက်သွားပြီ၊ ကျိုးပြတ်သွားပြီဆိုရင် ကျိုးပျက်သွားတဲ့နေရာတ၀ိုက်ကို မသက်ဆိုင်သူတွေ မလာအောင်၊ အနီးအနားက လူတွေ နဲ့ သဘာဝပတ်ဝန်းကျင်ကို ဘေးအန္တရာယ်ကင်းရှင်းအောင်၊ မထိခိုက်စေအောင် အရင်ဆုံး စီစဉ်ရပါတယ်။
ပြီးရင် depressurize လုပ်ရပါတယ်။ အဲဒါပြီးရင် ပြတ်သွားတဲ့ အပိုင်းကို Isolate လုပ်လိုက်ရပါမယ်။ များသောအားဖြင့် Inflatable Plug နဲ့ ဖြစ်စေ၊ Smart Plug နဲ့ ဖြစ်စေ နှစ်ဘက်လုံး ပိတ်ပြီး ထားလိုက်တာပါ။ ပြီးရင် Inert လုပ်ရပါတယ်။ ရေနံ (သို့) သဘာဝ ဓါတ်ငွေ့ဟာ မီးလောင်နိုင်ချေ အလွန်မြင့်မားလို့ အောက်စီဂျင် အထဲမှာမရှိအောင် ကိုယ်တိုင်မီးမလောင်၊ မီးလောင်ခြင်းကိုလည်း အားမပေးတဲ့ Nitrogen လို Inert Gas တခုနဲ့ ဖြည့်ထားလိုက်တာပါပဲ။
Smart Plug က ပိုက်လိုင်းရဲ့ ၂ဖက် အစွန်းကနေ Pig လွှတ်သလို လွှတ်လိုက်ပြီး လိုချင်တဲ့နေရာမှာ ရပ်လိုက်လို့ရပါတယ်။ Inflatable Plug ကတော့ ပိုက်လိုင်းအပေါ်မှာ ၆လက်မပိုက်ကလေး ဆက်၊ အဲဒီ ပိုက်လေးအတိုင်း အပေါက်ဖေါက် (Hot Tapping လို့ခေါ်ပါတယ်။ အထဲမှာ Flow ရှိနေတဲ့ Live Pipeline တွေကိုတောင် ရပ်ပစ်စရာမလိုဘဲ အန္တရာယ်ကင်းစွာနဲ့ အပေါက်ဖေါက်လိုက်လို့ ရပါတယ်) လိုက်ပြီး အဲဒီအပေါက်ကနေ Inflatable Plug ကို ထည့်၊ ပြီးမှ Nitrogen ကို Plug ထဲဖြည့်ပြီး ပိတ်လိုက်တာပါပဲ။ ပူဖေါင်းလို သဘောပေါ့။
ပြီးရင်တော့ ပျက်စီးနေတဲ့ အပိုင်းကို ဖြတ်ပြီး အကောင်း ပိုက်အပိုင်းတခု (Pup piece) နဲ့ အစားထိုး ပြန်ဆက်ရပါတယ်။ ဒါက မလုပ်မဖြစ် လုပ်ကို လုပ်ရမှာပါ။ ဒါကို အမြဲတမ်းပြင်ဆင်ခြင်း (permanent repair) လို့ခေါ်ပါတယ်။ (Hot Tapping အကြောင်းကိုတော့ စာရှည်မှာစိုးလို့ အသေးစိတ် မရေးတော့ပါဘူး။ စိတ်ဝင်စားသူတွေရှိရင်တော့ နောက်အခါအခွင့်သင့်မှ သီးသန့် ရေးပေးပါ့မယ်)

ယာယီပြင်ဆင်ခြင်းများ
အချိန်မရသေးရင်၊ သို့မဟုတ် အခြေအနေမပေးသေးရင် (ရာသီဥတု၊ ပထ၀ီ အနေအထား စသဖြင့်ကြောင့်) ယာယီ ပြင်ဆင်တဲ့အနေနဲ့ By-pass လုပ်ပြီး လိုင်းအသစ်တခု ဆွဲပေးရပါတယ်။ အဲဒါဆိုရင်တော့ Tee လိုခံပြီး By-pass လိုင်းတလိုင်း ဆွဲထုတ်ပေးရတာပေါ့။ ဒီမှာလည်း Tee ခံတဲ့နေရာမှာ Hot Tapping ကိုပဲ သုံးပါတယ်။ အခြမ်း ၂ ခြမ်းကို ပိုက်လိုင်းကို ငုံလိုက်ပြီးမှ အပေါ် Tee ရဲ့ မျက်နှာဝ ကနေ Hot tap နဲ့ အပေါက်ဖေါက်လိုက်တာပါ။ ပြီးမှ Bypass line ကို ဆက်သွားတာပါပဲ။ အောက်မှာ နမူနာပုံတွေကြည့်ပါ။

Tee

Tee Installation

Hot Tapping

Hot Tapping and Bypass


အပျက်အစီးက သိပ်မကြီးဘူးဆိုရင်တော့ Full Encirclement Sleeve (Welded Steel Sleeve) နဲ့ ငုံပြီး ယာယီ ပိတ်၊ Welding ဆော်ပြီး ပြန်သုံးလို့ရပါတယ်။ အောက်ကပုံမှာကြည့်ပါ။

Full Encirclement Sleeve (Welded Steel Sleeve)

ဒါမှမဟုတ် Mechanical Split Sleeve လို့ခေါ်တဲ့ အခြမ်း ၂ခြမ်းနဲ့ငုံပြီး nut တွေကျပ်ပြီး လည်း သုံးပါတယ်။ အောက်ကပုံမှာကြည့်ပါ။

Mechanical Split Sleeve

မပေါက်ဘဲ ပိန်ချိုင့်သွားတာမျိုး ဆိုရင်တော့ Composite Sleeve လို့ခေါ်တဲ့ (E-glass polyester လို) မာတဲ့ ပစ္စည်းမျိုးနဲ့လုပ်ထားတဲ့ အစတွေနဲ့ အထပ်ထပ်ပတ်ပြီး ယာယီ ထိန်းထားလို့လဲ ရပါတယ်။ Clock Spring တို့၊ Red Armor တို့ဟာ အသုံးများတဲ့ အမျိုးအစားတွေဖြစ်ပါတယ်။ အောက်မှာ ပုံတွေ ထည့်ပေးထားပါတယ်။

Clock Spring တပ်ဆင်နေပုံ

Clock Spring တပ်ဆင်ပြီးပုံ


Clock Spring လို့ ခေါ်တာက နာရီသံပတ်နဲ့ ပုံစံတူလို့ခေါ်တာပါ။
ဒါတွေကတော့ အသုံးများတဲ့ ပြင်ဆင်နည်းတွေပဲ ဖြစ်ပါတယ်။ ဒီလောက်ဆို အကြမ်းဖျဉ်းတော့ သိသာလောက်ပြီ လို့ ထင်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျား

Reply to This

အခုလို စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ် အကိုရေ...။ ပုံလေးတွေနဲ့ဆိုတော့ ဖတ်ရတာ ပိုပြီး သဘောပေါက်လွယ်ပါတယ်။ ကျွန်တော်မေးတာက နည်းနည်းလေးပေမယ့် အကိုက သေချာရှင်းပြပေးတော့ ဒီ field ကိုလေ့လာချင်တဲ့သူတွေ အတွက်လည်း ကိုးကားစရာ ဖြစ်ပါတယ်။ ပိုက်ထဲကို pig လွှတ်တဲ့ အပိုင်းကိုတော့ အခုမှ တအံ့တသြ သိရပါတယ်။ အရမ်းလည်း စိတ်ဝင်စားပါတယ်ခင်ဗျာ။ အကို့ရဲ့ စာတွေကိုလည်း စောင့်မျှော်ဖတ်ရှုနေပါ့မယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျားးးးး။

Reply to This

Reply to This

RSS

About

MBS MBS created this Ning Network.

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service