Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ဘလူးဖီးနစ်

သားသမီးတို့ အနာဂါတ်အရေး ပညာရေးအတွက် လေ့ကျင့်ပေး

ဒီ ဆောင်းပါး လေး က ၂၀၀၉ စက်တင်ဘာ လ ထုတ် Living Color မဂ္ဂဇင်း မှာ ပါတဲ့ ဆောင်းပါး လေး ဖြစ်ပါတယ်။

မိဘ တိုင်း အတွက် သားသမီး ဆိုသည်မှာ ရတနာများ ပင် ဖြစ်ပါသည်။ သို့သော် ထို ရတနာများ သည် အရိုင်း အဆင့်သာ ရှိသေးသဖြင့် တကယ်တမ်း အဖိုးထိုက်တန်ကာ အရောင် ထွက်လာအောင် သွေးပေးဖို့ ရာ မိဘများ ၌ တာဝန်ရှိပေသည်။ ထို့ကြောင့်လည်း "လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနဲ့ဖ" ဟူ၍ ဆိုစမှတ် ပြုကြခြင်း ဖြစ်သည်။ ထိုသို့ လေ့ကျင့် ပျိုးထောင် ပေးရာတွင် လိမ္မာရေးခြား ရှိအောင် သင်ကြား ပေးရသကဲ့သို့ မိမိသားသမီး အနာဂါတ်လမ်းခရီး ဖြောင့်ဖြူးနိုင်အောင် ပညာရေး၌ အောက်မကျစေရန် လည်း သင်ကြားပေးရန် လိုအပ်ပေသည်။ ယနေ့ ခေတ် သည် ပညာခေတ် ဖြစ်ပြီး ပညာ သာလွန်သူက အစစ အရာရာတွင် ပညာရဲရင့် ပွဲလယ်တင့် သကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်း ကအစ အဖက်ဖက် က သာလွန် နိုင်မည် ဖြစ်သည်။ ထိုသို့သော အခြေအနေ မျိုးတွင် မိဘများ အနေဖြင့် သားသမီးများ၏ ပညာရေးကို တကယ်တန်း ထူးချွန် ထက်မြက်စေရန် ဆရာနှင့် ကျောင်း များ၊ ကျူရှင်များ နှင့် အထူးထုတ်များ လောက် ကိုသာ အားကိုး၍ မနေဘဲ မိမိ တို့လည်း တတ်သိ နားလည်သမျှ ကြပ်မတ် လမ်းညွှန်ပေးရန် လိုအပ်ပေသည်။ ဤဆောင်းပါးတွင် မိဘများ က သားသမီး များ၏ ပညာရေးတွင် မည်သို့ ကူညီ လမ်းညွှန် ပေးနိုင်သည် ဆိုသည့် အချက်များကို ဆွေးနွေး တင်ပြထား ပါသည်။
ပထမဦးစွာ နည်းလမ်းများကို မတင်ပြမီ လေ့ကျင့်ပျိုးထောင်ပေးမည့် မိဘများတွင် ရှိသင့်သော အရည်အချင်း များကို ဆွေးနွေး တင်ပြ သွားပါမည်။ သားသမီးနှင့် မိဘတို့သည် ဆယ်စုနှစ် နှစ်စု၊ သုံးစု ခန့ှ်မျှ ခေတ်ကာလ ကွာဟ တတ်ကြသည် ဖြစ်ရာ ထို ကွာဟချက်ကို ဂရုမပြုမိပါက လေ့ကျင့် ပေးရာတွင် လိုအပ်ချက်များ၊ အားနည်း ချက်များ ဖြစ်ကာ နားလည်မှု လွဲမှားပြီး စေတနာ အမှားများ ဖြစ်လာ တတ်ပေသည်။ ခေတ်လူငယ်များအား လေ့ကျင့်ပေးရန် မိမိတို့ ကိုယ်တိုင် ကလည်း ထိုက်သင့်သလောက် ခေတ်မီနေဖို့ လိုပေသည်။ ခေတ်ကို မျက်ခြေ မပြတ်စေရန် သတင်းစာ၊ ဂျာနယ်များမှ အစပြု၍ ဂြိုလ်တု သတင်းများ၊ အင်တာနက် ဘလောက်စာမျက်နှာများ အဆုံး လေ့လာ ဖတ်ရှု မှတ်သားဖို့ရာ လိုအပ်ပေသည်။ အထူးသဖြင့် ပညာရေးနှင့် တိုက်ရိုက် ပက်သက်သော သတင်းများ၊ အခွင့်အလမ်းများကို အမြဲ နားစွင့်နေရမည် ဖြစ်သည်။
ထို့အပြင် မိဘများ အနေဖြင့် သားသမီးများ၏ ဝါသနာ ဗီဇကို သိရှိနားလည်ထားပြီး ၄င်းတို့ နှင့် အသင့်တော်ဆုံး ပညာရေး လမ်းကြောင်းကို လမ်းညွှန်ပေးဖို့ရာ တာဝန်ရှိပေသည်။ ဝါသနာနှင့် မကိုက်ညီသော လမ်းညွှန်မှုများသည် နောင်တစ်ချိန်တွင် သားသမီးများ၏ အနာဂါတ်တွင် ကြာလေ အတားအဆီး သဖွယ် ရှိလာလေ ဖြစ်ရာ ၄င်း အချက်ကို မိဘများ အထူး ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။ အဆိုပါ အချက်ကို သာမာန်မျှသာ သဘောထား မှုများကြောင့် သင်ကြား ထားသော ပညာရေးက တခြား၊ အသက်မွေး ဝမ်းကျောင်းက တခြား ဖြစ်နေရသူများ များလှပေသည်။ အဆိုးဆုံးမှာ သင်ကြားထားသော ပညာရေးကို လုံးဝ အသုံးမချနိုင်မှုများ တနေ့တခြား များပြားလာခြင်းပင် ဖြစ်သည်။ အထက်ပါ အချက်များကို သတိထားကာ ဆက်လက်ဖေါ်ပြမည့် အချက်များကို မိမိတို့ သားသမီးများ ငယ်စဉ်ကပင် လေ့ကျင့်ပျိုးထောင်ပေးမည် ဆိုပါက သူတို့လေးတွေ၏ ပညာရေး အနာဂါတ်ကို အတန်အသင့် စိတ်အေးနိုင်မည် ဟု ယုံကြည်မိပါသည်။
ပထမဆုံးအချက်အနေဖြင့် ကလေးများကို မိမိဘာသာ လေ့လာသင်ယူသော စံနစ် (self study) ကို ငယ်စဉ်ကပင် မိတ်ဆက် လေ့ကျင့်ပေးထားဖို့ လိုအပ်ပေသည်။ ကျောင်းနှင့် ကျူရှင်များက သင်ကြားသမျှကိုသာ ပညာဟု ယူဆနေသော အယူအဆကို ပြောင်းလဲပစ်ဖို့ရာ အရေးကြီး ပေသည်။ ကျောင်းချိန်ပြင်ပ လေ့လာခြင်းများကို အားပေးရမည် ဖြစ်သည်။ အိမ်တွင်ကုပ်၍ စာကျက်နေသည်ကို ကျေနပ်မနေပဲ ကလေးများကို ပတ်ဝန်းကျင်တွင် မိမိတို့ တွေ့သမျှ၊ မြင်သမျှ၊ ကြားသမျှတွင် လေ့လာမှတ်သားသင့်သည်များကို လေ့လာတတ်အောင် သင်ကြားပေးဖို့ လိုအပ်ပေသည်။ မိမိကို သင်ကြားပေးသမျှကိုသာ အလွတ်ကျက်မှတ်တတ်သော ကလေးမျိုးသည် ယနေ့ခေတ်အခါတွင် လူရာဝင်ဖို့ မလွယ်ကူသဖြင့် မိမိဘာသာ လေ့လာသင်ယူခြင်း စံနစ်ကို ငယ်စဉ်ကထဲက ပြုစုပျိုးထောင်ပေးရခြင်း ဖြစ်ပေသည်။
ဒုတိယ အချက်မှာ စာသင်ခန်းတွင် ကလေးများအနေဖြင့် ဆရာသင်သမျှကိုသာ ပါးစပ် အဟောင်းသား ဖြင့် နားထောင် နေခြင်းမျိုးမှ ဆရာနှင့် တပည့် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်တတ်စေရန် မိဘ၊ ဆရာ တို့ လက်တွဲ၍ ဆောင်ရွက်ကြရမည် ဖြစ်သည်။ ထိုသို့ ဆွေးနွေးနိုင်ရန်မှာ ကျောင်းသားများအနေနှင့် စာကို စိတ်ပါ ဝင်စားစွာဖြင့် အာရုံစိုက်သူဖြစ်မှသာ မေးသင့် မေးထိုက်သော မေးခွန်းများကို မေးနိုင်မည် ဖြစ်သည်။ တစ်ခါတစ်ရံ ကျောင်းသားဖြစ်သူမှ စိတ်ဝင်စားကာ မေးလိုက်သော မေးခွန်းမျိုးကို ဆရာဖြစ်သူက စိတ်ရှည်ရှည်ထား၍ ရှင်းပြမည်ဆိုပါက အဆိုပါကျောင်းသားအနေဖြင့် မိမိ သိလိုသည်များကို ရဲရဲဝံ့ဝံ့ မေးရဲလာမည်ဖြစ်သည်။ မိဘအနေနှင့်မူ မိမိသားသမီး ငယ်စဉ်ကပင် သိလိုသည်များ မေးမြန်းလာပါက အကျိုးသင့်အကြောင်းသင့် အချိန်ပေး ရှင်းပြပေးခြင်းဖြင့် ပြောရဲ ဆိုရဲ၊ မေးခွန်းထုတ်ရဲပြီး စာသင်ခန်းမှ စင်မြင့်ပေါ်အထိ တက်ရဲအောင် လေ့ကျင့်ပေးနိုင်ပေသည်။ အဆိုပါ အလေ့အကျင့်သည် ပြည်တွင်း ၌ သိပ်မလိုအပ်သော်လည်း ပြည်ပတွင် ပညာဆက်လက် ရှာဖွေရာနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေရာတွင် မရှိမဖြစ် လိုအပ်သော အရည်အချင်းဖြစ်သည်။ သို့ဖြစ်ပါ၍ မိဘများအနေဖြင့် သားသမီးများကို လူတောတိုးအောင် ငယ်စဉ်ကပင် ဂရုတစိုက် သင်ကြားပေးဖို့ လိုအပ်ပေသည်။
တတိယ အချက်မှာ စာကို စံနစ်တကျ ဖတ်တတ်အောင် လမ်းညွှန်ပေးဖို့ ပင် ဖြစ်သည်။ ပြင်ပ စာပေများ လေ့လာဖတ်ရှုရာတွင်လည်း ပညာသင်ကြားသကဲ့သို့ စံနစ်တကျ ဖတ်ရှုမှတ်သား တတ်မှသာ ထိရောက်မည် ဖြစ်သည်။ ပထမဦးစွာ သားသမီးများ၏ အသက်အရွယ်၊ ပညာအရည်အချင်း၊ ဝါသနာတို့နှင့် ကိုက်ညီသော စာအုပ်စာတမ်းများကို ကလေးများ လက်လှမ်းမီအောင် စီစဉ်ပေးရမည်။ ကလေးများ ဖတ်ရန် စာအုပ်များကို မိဘများက ဦးစွာ ရွေးချယ်ပေးပြီး နောက်ပိုင်း ကလေးများကိုယ်တိုင် ရွေးချယ် ဖတ်ရှုတတ်လာအောင် လမ်းညွှန်ပေးရမည်။ သုတ၊ရသ နှစ်မျိုးလုံးကို သူ့အရွယ်နှင့်သူ ဖတ်ရှုဖြစ်အောင် စာပေဗိမာန်၊ British Library နှင့် American Library တို့တွင် အသင်းဝင်စေခြင်း တို့ဖြင့် မိမိတို့ သားသမီးများကို အရာရောက်လာအောင် စွမ်းဆောင်နိုင်ကြမည် ဖြစ်သည်။ သားသမီးများအနေနှင့်လည်း ထိုသို့ အသင်းဝင်ခြင်း၊ စာအုပ်စာပေကို ကိုယ်တိုင်သွားရောက်ရွေးချယ် ဖတ်ရှုရာမှာ စာပေကို စိတ်ဝင်စားသော အခြား ဝါသနာတူ သူငယ်ချင်းများကို ရရှိလာမည်ဖြစ်ရာ တစ်သက်တာ အကျိုးများဖွယ်ပင် ဖြစ်ပါသည်။
စတုတ္ထအချက် မှာ အထက်ဖေါ်ပြပါ အချက်သုံးချက်နှင့် ဆက်စပ် နေပါသည်။ မိမိ လေ့လာ မှတ်သားသမျှကို စံနစ်တစ်ခု အသွင်ဖြင့် မှတ်စုထုတ်တတ်အောင် လေ့ကျင့်ပေးရန်ပင်ဖြစ်သည်။ မှတ်စုထုတ်ခြင်းသည် အပြောလွယ်သလောက် အလုပ်ခက်သည့် အရာပင် ဖြစ်သည်။ နေ့စဉ် လေ့လာ ဖတ်ရှုသမျှကို မှတ်စုထုတ်ရန် သင်ကြားပေးရမည် ဖြစ်သလို စုဆောင်းမိသော အချက်အလက်များကို သင့်တော်ရာ စုစည်း၍ အမျိုးအစား ခွဲခြားထားတတ်ရန် လေ့ကျင့်ပေးဖို့လိုအပ်ပေသည်။ ထို့နောက် မှတ်စုများ များပြားလာလျှင် ပြန်လည်စုစည်း ၍ အနှစ်ချုပ် နှင့် သုံးသပ်ချက်များ ပြုလုပ်တတ်အောင် လမ်းညွှန်ပေးသင့်ပေသည်။ မှတ်စုထုတ်တတ်အောင် စတင်လေ့ကျင့်ပေးရာတွင် ကလေးများ ငယ်စဉ်ကပင် နေ့စဉ်မှတ်တမ်း ရေးသားဖြစ်အောင် တိုက်တွန်းခြင်းဖြင့် စတင်သင့်ကြောင်း အကြံပြုတင်ပြလိုပါသည်။
ပူးပေါင်းဆောင်ရွက်ခြင်း နှင့် အဖွဲ့အစည်းစိတ်ဓါတ်ရှိခြင်း သည်လည်း အရေးပါသော အချက်တစ်ချက်အဖြစ် လေ့ကျင့်ပေးရမည် ဖြစ်သည်။ ၄င်းကို ဘောလုံးကဲ့သို့သော အဖွဲ့လိုက် ကစားရသည့် အားကစားနည်းများ ကစားစေခြင်းဖြင့် လေ့ကျင့်ပေးနိုင်သည်။ ၄င်းအချက်သည် ပညာရေးအတွက်လည်း အလွန် လိုအပ်သော အရည်အသွေးတစ်ခု ဖြစ်သည်။ စုပေါင်း လေ့လာ၍ အဖြေရှာ တတ်အောင် သင်ကြားပေးထားရမည် ဖြစ်သည်။ မတူညီသော အမြင်များ ဖြင့် ဝိုင်းဝန်း အဖြေရှာခြင်းဖြင့် တစ်ဦးချင်းစီ၏ အရည်အသွေးများ မြင့်မားတိုးတက်လာမည်ဖြစ်သလို အချင်းချင်း နားလည်းမှု ပိုမိုရရှိလာကာ ဆက်ဆံရေးကောင်းသူတစ်ယောက် ဖြစ်လာစေနိုင်သည်။
စာစီစာကုံးများ ရေးသားရာတွင် အသုံးဝင်သော အချက်အလက်များကို စာအုပ်များထဲမှသာမက ပြင်ပ လောက ကပါ ရှာမှီးတတ်အောင် မိဘများက ညွှန်ပြပေးရမည်။ စာစီစာကုံးများ ရေးသားစေခြင်းသည် ကလေးများ၏ ဥာဏ်ရည် ဥာဏ်သွေးကို လေ့ကျင့်ပေးရန် ထိရောက်သော နည်းလမ်းတစ်ခု လည်းဖြစ်သည်။ အထက်တွင် ဆွေးနွေးခဲ့သော မှတ်စုထုတ်ခြင်း အလေ့အကျင့် ရှိသူအဖို့ စာစီစာကုံးရေးသားရန် ပိုမို လွယ်ကူမည် ဖြစ်သလို အချက်အလက်များလည်း ပိုမို စုံလင်အောင် ဖေါ်ပြနိုင်မည် ဖြစ်သည်။ စာစီစာကုံးရေးသားရာတွင် အချက်အလက်များကို ဆီလျော်အောင် စုစည်းတင်ပြတတ်ရန် လိုအပ်သလို အမြင်ကျယ်ကျယ်ဖြင့် ဆက်စပ်တင်ပြတတ်ဖို့လည်း လိုအပ်ပေသည်။ ဥပမာအားဖြင့် မြန်မာ ကဗျာတစ်ပုဒ် အကြောင်း စာစီစာကုံးရေးသားမည်ဆိုပါက ဖြစ်နိုင်လျှင် ကမ္ဘာပေါ်ရှိ နာမည်ကြီး ကဗျာများနှင့် နိုင်းယှဉ် သုံးသပ်ပြခြင်းမျိုးပင် ဖြစ်သည်။ ဘောင်ကို ကျယ်ကျယ်ထားကာ လေ့လာတတ်ရန်မှာ စာကို များများဖတ်၍ ဗဟုသုတ စုံလင်မှသာ ဖြစ်နိုင်မည် ဖြစ်ရာ ၄င်းအချက်သည်လည်း စာဖတ်ခြင်းနှင့် တိုက်ရိုက် သက်ဆိုင်နေပေသည်။
ယနေ့ခေတ်တွင် အင်္ဂလိပ် ဘာသာစကားသည် ကမ္ဘာသုံး ဖြစ်နေပေရာ မည်သည့် ပညာမဆို အဆင့်မြင့်မြင့် ဆက်လက်လေ့လာရန် အင်္ဂလိပ်စာ ကောင်းကောင်းတတ်ဖို့ လိုအပ်ပေသည်။ ပညာရေးနယ်ပယ်တွင်သာမက အလုပ်အကိုင် အခွင့်အလမ်း ကောင်းကောင်း ရရှိရန်အတွက်လည်း အင်္ဂလိပ်စာ ကျွမ်းကျင်မှုက အထောက်အကူ ပြုနိုင်ပေသည်။ ထို့ကြောင့် ငယ်စဉ်ကပင် သားသမီးများကို အင်္ဂလိပ်လို အရေး၊ အပြော၊ အဖတ် နှင့် နားထောင်တတ်အောင် သင်ကြားပေးထားရမည် ဖြစ်သည်။ ယနေ့ခေတ်တွင် မီဒီယာ အမျိုးမျိုးတို့ မှ အင်္ဂလိပ်စာကို နားထောင် လေ့လာနိုင်သည် ဖြစ်သလို အင်္ဂလိပ်စာ သင်ခန်းစာများကိုလည်း လွယ်လင့်တကူ ဝယ်ယူလေ့လာနိုင်ပြီ ဖြစ်သည်။ ထိုသို့လေ့လာရာတွင် အဘိဓာန် ကောင်းကောင်းတစ်ခု မှာ မဖြစ်မနေ ရှိရမည် ဖြစ်သဖြင့် မိဘများက ဝယ်ယူပေးထားဖို့ လိုသလို မှန်ကန်အောင် အသုံးချတတ်စေရန် လေ့ကျင့်ပေးဖို့လည်း လိုအပ်ပေသည်။ အင်္ဂလိပ်စာ စသင်ကာစတွင် အသံထွက်မှန်ဖို့ အထူးလိုအပ်ပေရာ အသံထွက်များကို လေ့လာနိုင်သော ဗီဒီယိုများ၊ လေ့ကျင့်ခန်းများ နားထောင်ကြည့်ရှုစေဖို့ လိုအပ်သလို အဘိဓာန်တွင် ပါဝင်သော အသံထွက် သင်္ကေတများကို နားလည်အောင် သင်ယူစေပြီး ၄င်းတို့ကို ဖတ်ရှု၍ အသံထွက်တတ်အောင် သင်ကြားပေးကြရမည်။
အကယ်၍ အခွင့်အရေးပေးမည် ဆိုပါက သားသမီးများကို ကွန်ပျူတာ နှင့် အင်တာနက်ကို ပညာရေးအတွက် အကျိုးရှိအောင် အသုံးချတတ်စေရန် လေ့ကျင့်ပေးရမည်။ ကွန်ပျူတာ နှင့် အင်တာနက်သည် ပညာရေးအတွက် သုံးတတ်မည်ဆိုပါက အကန့်အသတ်မရှိသော အကျိုးကျေးဇူးကို ပေးနိုင်သည်ဖြစ်ရာ အချို့ပညာရှင်များက ကွန်ပျူတာနှင့် အင်တာနက်ကို သုံးနိုင်သူနှင့် မသုံးနိုင်သူများကြား ပညာရေး ကွာဟချက် အလွန်မြင့်မားသွားမည်ကို စိုးရိမ်နေကြသည်။ ကွန်ပျူတာတွင် Encarta ကဲ့သို့သော စွယ်စုံကျမ်းများ၊ အသံထွက် အဘိဓာန်များ၊ သင်ကြားရေးနှင့် ဆိုင်သော ဆော့ဖ်ဝဲလ်များကို တပ်ဆင်အသုံးပြုခြင်းဖြင့် အလွန်အစွမ်းထက်သော Private Study System တစ်ခုကို ဖန်တီးနိုင်ပေသည်။ ထိရောက်အောင် အသုံးချတတ်ဖို့မှာမူ မိဘများ၏ လမ်းညွှန်လေ့ကျင့်ပေးမှု ကောင်းမကောင်းအပေါ်၌ များစွာ မူတည်နေပေသည်။ အင်တာနက်ကို အသုံးချဖို့ အတွက်မူ ပညာရေးအတွက် အရေးကြီးသော သတင်းအချက်အလက်များ စုဆောင်းရှာဖွေခြင်း၊ စာအုပ်စာတမ်းများ ဆောင်းပါးများ ရှာဖွေခြင်းမှ အစပြု၍ မိမိ မှတ်သားထားသမျှကို ပြန်လည်မျှဝေပေးခြင်းအထိ အထိရောက်ဆုံး အသုံးချနိုင်ပေသည်။ ယနေ့အချိန်တွင် မြန်မာ ပညာရှင်များသည် မိမိတို့ တတ်ကျွမ်းသော ပညာရပ်များကို အင်တာနက်တွင် မြန်မာဘာသာဖြင့် ရေးသားတင်ပြခြင်းများ ပြုလုပ်လာသည်ဖြစ်ရာ မိမိဘာသာ လေ့လာသင်ကြားလိုသော ကလေးများအတွက် အခွင့်အရေး တစ်ရပ်ပင်ဖြစ်သည်။
ယခုအခါ ပြည်တွင်း၊ ပြည်ပ စကောလားရှစ် ပရိုဂရမ်များ အမြောက်အများပေါ်ထွက်လာသဖြင့် သားသမီးများ ပညာရေးအတွက် အခွင့်အလမ်းသစ်များသဖွယ် ရှိနေပေရာ မိဘများက အမြဲမပြတ် သတင်းစုဆောင်းနေရန် လိုအပ်ပေသည်။ ထို့အပြင် သားသမီးများငယ်စဉ်ကပင် ထို စကောလားရှစ်များ ရရှိနိုင်ရန် လိုအပ်သော အရည်အချင်းများကို လေ့လာပြီး ကြိုတင်လေ့ကျင့်ပေးထားရမည် ဖြစ်သည်။ အဆိုပါအချက်များကိုလည်း အင်တာနက်တွင် အမြန်ဆုံးနှင့် အလွယ်ကူဆုံး စံစမ်းရှာဖွေနိုင်ပေသည်။ မိဘများအနေဖြင့် ပညာရေးနှင့် ပက်သက်သော ဆွေးနွေးချက်များ အသားပေးသည့် forum များ၊ ဝဘ်ဆိုဒ် များကို လေ့လာဖတ်ရှုခြင်းဖြင့် မိမိတို့ သားသမီးများအတွက် သင့်တော်မည့် အလားအလာကောင်းများ၊ စကောလားရှစ် နှင့် အလုပ်အကိုင်များကို သိရှိနိုင်မည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် မိဘများအနေဖြင့် အထက်တွင်ဖေါ်ပြခဲ့သော နည်းလမ်းများမှ လက်လှမ်းမီသော အချက်များကို မိမိတို့ သားသမီးများအား စံနစ်တကျ လေ့ကျင့်သင်ကြားပေးမည် ဆိုပါက ၄င်းတို့၏ ပညာရေးတွင်သာမက အဘက်ဘက်တွင် အထောက်အကူ ပြုနိုင်ပြီး နိုင်ငံတော်၏ သားကောင်းရတနာများ အဖြစ် ပေါ်ထွက်လာမည်ဟု လေးလေးနက်နက် ယုံကြည်မိပါသည်ခင်ဗျား။
Dr. အောင်ဝင်းထွဋ်
(M.P.E.I)
(bluephoenix)

Tags: ပညာရေး

Share

Reply to This

About

MBS MBS created this Ning Network.

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service